လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဗန်းမော်မြို့ကိုစစ်သင်္ဘောတွေရောက်ရှိနိုင်ဖို့ စစ်တပ်ရဲ့ပစ်ခတ်မှုတွေအကြား အရပ်သား ၃၁ ဦးသေဆုံးခဲ့

မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဗန်းမော်မြို့အထိစစ်သင်္ဘောတွေဆန်တက်နိုင်ဖို့အရေး စစ်ကောင်စီကရေလမ်းကြောင်းရှင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၁ ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေနဲ့မြစ်ကြောင်းအခြေနေစောင့်ကြည့်တဲ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကို စစ်သင်္ဘောအစီး ၂၀ ကျော်နဲ့ နှစ်သုတ်ခွဲပြီးတင်ပို့ခဲ့ပါတယ်။

အဲ့ဒီစစ်သင်္ဘောတွေဆန်တက်လာတဲ့နေ့ကစလို့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ကကျေးရွာတွေကို လေကြောင်းအသုံးပြုတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေလုပ်ခဲ့ပြီး စုစုပေါင်းအရပ်သား ၃၁ ဦးအထိသေဆုံးခဲ့ရတာဖြစ်ပါတယ်။

အရပ်သားသေဆုံးမှုတွေကလည်းနှစ်စဥ်နှစ်စဥ် သူတို့သင်္ဘောတက်လာတိုင်းဒီဖြစ်စဥ်တွေကဖြစ်နေတာပဲ။နောက်ဆုံးသူတို့က ပြည်သူကိုလုံးဝမငှဲ့ပါဘူး။သူတို့ကအကုန်ချနင်းမှာပဲ။သူတို့အာဏာတည်မြဲရေးအတွက် သူတို့မြို့ရွာတွေလက်မလွှတ်ရရေးအတွက်ကို သူတို့ကလုပ်နေမှာပဲ။ ဒါကသူတို့လုပ်နေကျထုံးစံပါပဲ

လို့ စစ်ကောင်စီကစစ်သင်္ဘောတွေတက်လာတိုင်းအခုလိုအရပ်သားတွေသေဆုံးလေ့ရှိကြောင်း ကသာမြို့ကကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကရှင်းပြပါတယ်။

သေဆုံးခဲ့ရတဲ့တဲ့ အရပ်သား ၃၁ ဦးထဲမှာ ဝက်လက်မြို့နယ်က အရပ်သား ၂၁ ဦး၊ ကသာမြို့နယ်က အရပ်သား ၂ ဦး၊ ရွှေကူမြို့နယ်က အရပ်သား၇ ဦးနဲ့ ဗန်းမော်မြို့နယ်က အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး အသက် ၉ နှစ်အရွယ်ကနေ အသက် ၇၀ ကျော်အရွယ်တွေအထိပါဝင်တယ်လို့သိရပါတယ်။

ဒါ့အပြင် တစ်ဖက်မှာ စစ်သင်္ဘောတွေပေါ်ကနေလက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေအကြား မြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့နေအိမ်တွေအပါအဝင် ဘာသာရေးအဆောက်အဦးတွေလည်းပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကလုံရွာကတော့တော်တော်လေးထိသွားတယ်။ အိမ်တွေထိတာပေါ့လေ။ တစ်အားကိုပစ်တာ။ နေအိမ်တွေရော၊ ကျွဲက ၅ ကောင်၊ အိမ်တွေကတော့များတယ်ဗျာ”လို့ ကသာမြို့ဒေသခံတစ်ယောက်ကပြောပြပါတယ်။

ကသာမြို့နယ် မိုးတားလေးတိုက်နယ်ကကျေးရွာတစ်ခုမှာတော့ စေတီပုထိုးတွေအပါအဝင် အဆော်ကအဦးများပျက်ဆီးခဲ့ရပြီး စစ်ကောင်စီကစစ်သင်္ဘောပေါ်ကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်သလိုY 12 အမျိုးအစားရဟတ်ယာဥ်တွေအပါအဝင်၊ ဂျက်ဖိုက်တာတွေအဓိကအသုံးပြုပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။

စစ်ကောင်စီရဲ့စစ်သင်္ဘောတွေကတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကိုရောက်ရှိလာခဲ့ပြီး ဗန်းမော်မြို့အပါအဝင်ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်က ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့တွေမှာပါလက်နက်ရိက္ခာနဲ့ လူအင်အားတချို့ဖြည့်တင်းနိုင်ခဲ့တယ်လို့သိရပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေရောက်ရှိပြီးတဲ့နောက် မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ဗန်းမော်မြို့မှာ နှစ်ဖက်တပ်တွေအကြား ထိတွေ့တိုက်ပွဲတွေပိုပြီးပြင်းထန်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းစစ်ရေးပြင်းထန်လာတာနဲ့အမျှ ကုန်ကြောင်း၊လေကြောင်းတင်မက ရေကြောင်းကနေပါစစ်ရေးအတွက်အသုံးပြုလာတာဖြစ်ပြီး နှစ်စဥ်ဧရာဝတီမြစ်ကြောင်းအတိုင်းစစ်သင်္ဘောတွေဆန်တက်လေ့ရှိတာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button