သတင်း

တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က မူးယစ်ဆေးဖြတ်ပေးမယ်လို့ခေါ်နေပေမယ့် တပ်သားစုဆောင်းခံရမှာစိုးလို့ စာရင်းပေးသူမရှိ

ပူတာအိုနဲ့မချမ်းဘော့မြို့နယ်ထဲက မူးယစ်ဆေးစွဲနေတဲ့လူငယ်တွေကို မူးယစ်ဆေးဖြတ်ပေးမှာဖြစ်တဲ့အတွက် နာမည်စာရင်းလာသွင်းကြဖို့ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က ခေါ်နေပေမယ့် စာရင်းပေးသူမရှိဘူးလို့ သိရကြောင်း ဒေသခံတွေကဆိုပါတယ်။

ရဝမ်ပြည်သူ့စစ်ခေါင်းဆောင်ဦးတန်ဂူးတန်ဟာ မူးယစ်ဆေးစွဲနေတဲ့လူငယ်တွေကို စခန်းသွင်းပြီးမူးယစ်ဆေးဖြတ်ပေးမယ့်အကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လကတည်းကနှုတ်နဲ့လှုံ့ဆော်ထားတာမျိုးရှိသလို သြဂုတ်လ ၄ ရက်နေ့ကလည်း စာနဲ့ထပ်မံထုတ်ပြန်လာပါတယ်။

ဆေးဖြတ်မယ့်ကလေးတွေကိုဆေးပြတ်အောင်ပေါ့စခန်းသွင်းပြီးဆေးဖြတ်ပေးမယ်ဆိုပြီးပြောနေတာတော့နည်းနည်းကြာပြီအစီအစဥ်ရှိတယ်တဲ့အခုလုပ်မယ့်ဟာပဲနေမှာ အဲ့ကတည်းကတချို့မိဘတွေကတော့စိုးရိမ်တာပေါ့ ပြည်သူ့စစ်ထဲများအတင်းဝင်ခိုင်းမလားစိုးရိမ်လို့ စာရင်းမသွင်းကြဘူးလို့ ပူတာအိုမြို့ရှိရာအိမ်မှူးတစ်ဦးက ပြောပါတယ်။

သြဂုတ်လ ၄ ရက် နေ့ထွက်ပေါ်လာတဲ့အသိပေးစာမှာ ပူတာအိုနဲ့မချမ်းဘော့မြို့နယ်တွေထဲက မူးယစ်ဆေးဖြတ်ချင်တဲ့လူငယ်တွေ သြဂုတ်လ ၃ ရက်က‌နေ ၆ ရက်နေ့အတွင်း ဂျူဗလီရပ်ကွက်ထဲက ရဝမ်ပြည်သူ့စစ်တပ်ဖွဲ့ထဲရုံးထဲမှာ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်းပြောထားပါတယ်။

သို့သော် ပြည်သူ့စစ်ထဲခေါ်သွင်းခံရမှာကိုစိုးရိမ်နေကြောင်း ပူတာအိုမြို့ကောင်ကထောင်ရပ်ကွက်နေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

သားနှစ်ယောက်ရှိတာတစ်ယောက်ကဆေးစွဲနေတာ လေးနှစ်လောက်ရှိပြီး ဘယ်လိုမှဆေးမဖြတ်နိုင်ဘူး အခုလိုပေါ်လာတော့သွားဖြတ်ခိုင်းချင်ပေမယ့် အမျိုးမျိုးတွေးပြီးစိုးရိမ်နေတော့သွားမသွင်းရဲဘူးဖြစ်နေတယ်ပြီးတော့ သူတို့စခန်းထဲမှာဆိုတော့ကလေးကိုယ်တိုင်ကလည်းမသွားရဲဘူးတဲ့လို့သူကပြောပါတယ်။

ပူတာအိုမှာမူးယစ်ဆေးစွဲနေတဲ့လူငယ်တွေအများအပြားရှိနေပြီး မူးယစ်ဆေးဖြတ်စခန်းလိုအပ်ချက်တွေရှိပေမယ့် ပြည်သူ့စစ်အဖွဲ့ထံမှာ မူးယစ်‌ဆေးဖြတ်ဖို့ စိုးရိမ်တာကြောင့် တစ်ချို့မူးယစ်ဆေးဖြတ်ချင်တဲ့လူငယ်တွေဟာ မြစ်ကြီးနားအထိဆင်းပြီး ဆေးဖြတ်သူတွေရှိကြောင်းသိရပါတယ်။

စစ်အာဏာသိမ်းနောက်ပိုင်း တန်ဂူးတန်ရဲ့ပြည်သူ့စစ်တပ်ထဲကိုတပ်သားသစ်ဝင်ရောက်လာသူ မရှိသလောက်နည်းပါးလာသလို ရှိရင်းစွဲတပ်သားတချို့နုတ်ထွက်တာ၊တချို့တပ်သားတွေကာကွယ်ရေးတပ်တွေထဲ ထွက်ပြေးခိုလှုံသွားတာတွေရှိလာတာကြောင့် အင်အားနည်းနေတဲ့အတွက် တပ်သားသစ်ခေါ်ယူဖို့စည်းရုံနေတာလည်းဖြစ်နိုင်ကြောင်း ပူတာအိုမြို့ခံအခြား အမျိုးသားတစ်ဦးကသုံးသပ်ထားပါတယ်။

သူတို့အင်အားကအရင်လိုအတောင့်တော့ဘူး အသစ်ဝင်ဖို့နေနေသာသာ ရှိတဲ့သူတွေတောင်ထွက်တာနဲ့ပြေးတာနဲ့ကြားနေရတာ အဲ့ကြောင့် သူတို့ဘက်ပါလာအောင်အရင်စည်းရုံရေးလုပ်တာဖြစ်နိုင်တယ် လို့ထင်တယ် တော်တော်များများကအဲ့တာအဲစိုးရိမ်နေကြတာဆေးကတော့ဖြတ်ချင်ကြတယ်လေးလို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ဦးတန်ဂူးတန်ရဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀ ဦး ဟာလက်နက်နဲ့အတူထွက်ပြေးခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။

၂၀၁၅ မတိုင်ခင်နှစ်တွေအထိ ပူတာအိုဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့လူငယ်တွေမရှိသလောက်နည်းပါးခဲ့ပေမယ့် ၂၀၁၅၂၀၁၆ ခုနှစ်တွေနောက်ပိုင်းမှာတော့ မူးယစ်ဆေးရောင်းချသူနဲ့သုံးစွဲသူတွေသိသိသာသာများလာတယ်လို့သိရပါတယ်။

စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ ပူတာအိုဒေသမှာမူးယစ်ဆေးဝါးရောင်းချသူပိုမိုများပြားလာတာနဲ့အမျှဆေးစွဲတဲ့လူငယ်တွေပိုမိုများပြလာနေပြီး လက်ရှိမှာတော့ ပူတာအိုမြို့နယ်ထဲက လူငယ်ဦးရေထက်ဝက်နီးပါးကမူးယစ်ဆေးစွဲနေကြတယ်လို့ဒေသခံတွေကဆိုပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button