သတင်း

အမှိုက်ကား ပုံမှန်မလာတဲ့အတွက် ပူတာအိုမြို့ခံတွေ အမှိုက်ပစ်ဖို့အခက်အခဲဖြစ်နေ

ကချင်ပြည်နယ် ပူတာအိုမြို့မှာ စည်ပင်အမှိုက်သိမ်းကားပုံမှန်မလာတဲ့အတွက် ဒေသခံတွေအမှိုက်ပစ်ဖို့အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။

ပူတာအိုမြို့ပေါ် ရပ်ကွက်တွေမှာ ပုံမှန်အမှိုက်သိမ်းပေးနေတဲ့ စည်ပင်အမှိုက်သိမ်းကား ၂၀၂၅ ခုနှစ် မတ်လနောက်ပိုင်းကနေစပြီး ပုံမှန်မလာတော့ဘူးလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အမှိုက်ကားပုံမှန်မလာတာ ၅ လရှိတော့မယ်။ အရင်ကတစ်ပတ်တခေါက် ပုံမှန်လာတယ် လုံးဝမလာရင်တောင် နှစ်ပတ်တစ်ခါတော့လာသိမ်းတယ် အခုက ပေါ်ကိုမလာတော့တာ တစ်လတစ်ခါလောက်တစ်ခါတလေလာတယ် အရင်လကဆိုမလာဘူး။ ဒီလလာမလားမသိ”လို့အသက် ၅၀ ကျော်အရွယ်ပူတာအိုမြို့ခံအမြို့သားတစ်ဦးက ပြောပါတယ်။

မတ်လမတိုင်ခင်အထိ မြို့ပေါ်ရပ်ကွက်တိုင်း အနည်းဆုံးနှစ်ပတ်တစ်ကြိမ် တစ်ခါတစ်‌လေ တစ်ပတ်တစ်ကြိမ်ပုံမှန်သိမ်းပေးပေမယ့် ဒီနောက်ပိုင်းမှာတော့ တစ်လ တစ်ကြိမ်လောက်သာလာသိမ်းပေးတော့တယ်လို့သိရပါတယ်။

အမှိုက်ကားတွေပုံမှန်မလာတဲ့အပြင် စည်ပင်ကနေလည်း အမှိုက်စွန့်ပစ်မယ့်နေရာ တိတိကျကျသတ်မှတ်ပေးထားတာ မရှိတဲ့အတွက် မြို့ခံပြည်သူတွေဟာ အမှိုက်ပစ်ဖို့အခက်အခဲ ဖြစ်နေကြတယ်လို့လည်းသိရပါတယ်။

အမှိုက်ကားလည်းမလာ အမှိုက်ပစ်ဖို့ အမှိုက်ပုံလုပ်ပေးတာလည်းမရှိဆိုတော့ အိမ်မှာပဲဒီတိုင်းစုထားရတာပါ့ ကြာတော့အိမ်က အမှိုက်အနံ့တွေထွက်လို့လူတောင်နေလို့မရဘူး မီးရှို့ဖို့ကလည်းပတ်ဝန်းကျင်က အားနာရတယ်လေး”လို့ စားသောက်ဆိုင်ဖွင့်ထားတဲ့မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

စည်ပင်အမှိုက်ကားပုံမှန်မလာတဲ့အတွက် စားသောက်ဆိုင်၊ကုန်စုံဆိုင် လုပ်ငန်းလုပ်ကိုင်တဲ့ ပြည်သူတွေက ပိုပြီးအခက်အခဲဖြစ်နေတာကြောင့် ရပ်ကွက်အလိုက်အမှိုက်စွန့်ပစ်မယ့် နေရာသတ်မှတ်ပေးစေလိုကြောင်းလည်း ဒေသခံတွေကဆိုပါတယ်။

ဒီကိစ္စနဲ့သတင်းနဲ့ပတ်သက်ပြီးKNGသတင်းဌာနက ပူတာအိုမြို့နယ် စည်ပင်သာယာရေးရုံကိုဆက်သွယ်ခဲ့ပေမယ့်ဖုန်းလိုင်းအခက်အခဲ ကြောင့်ဆက်သွယ်၍မရခဲ့ပေ။

မြို့ပေါ်ရပ်ကွက် ၁၀ ခုကျော်အထိရှိတဲ့ပူတာအိုမြို့မှာ ယခင်က သွားလာလို့လွယ်ကူတဲ့ ရပ်ကွက်တွေကို အမှိိုက်သိမ်းယာဥ်နှစ်စီးနဲ့ ပုံမှန်သိမ်းပေးတယ်လို့သိရပါတယ်။

ပူတာအိုမြို့အပါအဝင် ကချင် ပြည်နယ်ထဲက မြို့တစ်ချို့မှာ စည်ပင်ကနေ အမှိုက်ကားဖြင့်လိုက်လံ အမှိုက်သိမ်းပေးတဲ့စနစ်ကို NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button