KIA တပ်မဟာ (၁၁) နယ်မြေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့
ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲက စစ်သင်တန်းပေးဖို့ ပြင်ဆင်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၁၇ ဦးထိရှိခဲ့ပါတယ်။
KIA တပ်မဟာ (၁၁) နယ်မြေ၊ တပ်ရင်း ၁၂ နေရာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်း သန်ခေါင်ယံမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။
“ပြောရရင်ကတော့ တကယ့် စိတ်မကောင်းစရာပါပဲ။ ကြားရသလောက်က ဟိုလို စစ်သင်တန်းပေးနေတဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ အခုမှ ဖွင့်ဖို့ ပြင်ဆင်နေတဲ့နေရာ ဟုတ်တယ်တဲ့”လို့ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ၁၇ ဦးက ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၁၉ ဦးခန့်က ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် ၂၆ ဦးကတော့ နည်းပါးဒဏ်ရာရခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
KIA ထိန်းချုပ်နယ်မြေ တပ်ရင်း ၁၂ နေရာမှာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေမှန်ကန်ကြောင်းလည်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။
“သိရသလောက်က ပစ်ခတ်ခံရတာကသေချာပါတယ်။ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်စာရင်း ရတာမျိုးတော့ မရှိဘူး။ ပစ်ခတ်ခံရတာလည်း KIA တပ်မဟာ (၁၁) ၊ တပ်ရင်း (၁၂) နယ်မြေမှာထဲမှာ လို့ကြားပါတယ်။ နေရာလည်းအတိအကျလည်း သေချာမသိရသေးပါဘူး”လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေမှန်ကန်ကြောင်း ပြောပြပေမယ့် ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ဖြေဆိုထားပါတယ်။
စက်တင်ဘာလ ၁၈ ရက်နေ့ ညသန်ခေါင်းယံမှာ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်တစ်ခုတည်းမဟုတ်ဘဲ တပ်မဟာ(၉) နယ်မြေ ဖားကန့် နဲ့ တပ်ရင်း (၁၁) နမ္မတီးကျေးရွာအနီးတွေကို တပြိုင်နက် ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။
ထိုဖြစ်စဉ်များအနက် ရွှေကူမြို့နယ်တိုက်ခိုက်ခံရမှုမှာ လူထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့ရပြီး တပ်ရင်း (၁၁) တိုက်ခိုက်ခံရမှုမှာတော့ ပြည်သူတစ်ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
နောက်ထပ် ဖားကန့်ဒေသမှာတော့ ဆိုင်းတောင်ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာထဲက ရတနာကျောက်စိမ်းကုမ္ပဏီဝင်းမှာ လေယာဉ်ဗုံး ၂ လုံးကျမှန်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။
KIA တပ်ရင်း ၁၂ နေရာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထပ်မံဖွဲ့စည်းလိုက်တဲ့ တပ်မဟာ (၁၁) နယ်မြေထဲပါဝင်တာဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း KIA တပ်မဟာ (၈) နယ်မြေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သင်တန်းတက်တဲ့ ကချင်လူငယ် ၃၀ ကျော် အသက်ဆုံးရှုံးမှု ဖြစ်ခဲ့ရပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



