မြစ်ကြီးနားမြို့မှာ နှစ်ပတ်အတွင်း ခိုးဆိုးလုယက်သူ ၁၀ ဦးဖမ်းမိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ခိုးဆိုးလုယက်သူ ၁၀ ဦးဖမ်းမိခဲ့တယ်လို့ မြစ်ကြီးနားမြို့ပြည်သူတွေနဲ့ လူမူကူညီရေးအသင်းတွေဆီကနေသိရပါတယ်။
ဖမ်းမိခဲ့တဲ့ ခိုးဆိုးလုယက်သူ ၁၀ ဦးထဲမှာ အသက်၂၀ ဝန်းကျင်အရွယ်လူငယ်အများဆုံးပါဝင်တယ်လို့သိရပြီး အဓိကဖမ်းဆီးအရေးယူမှုမရှိတဲ့အတွက် ပိုပြီးဆိုးရွားလာတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့နေထိုင်တဲ့ ပြည်သူတွေ ပြောပါတယ်။
“အုပ်ချုပ်တဲ့အခြေအနေက စကစဘက်ကလည်း သေချာမအုပ်ချုပ်နိုင်၊ ကေအိုင်အိုဘက်ကလည်း သေချာမအုပ်ချုပ်နိုင်တဲ့အတွက် ကြားကနေ အုပ်ချုပ်တဲ့ပုံစံက လျော့တိလျော့ရဲ့ဖြစ်ပြီး ဒီလိုတွေ ဖြစ်နေတာ။ ပြီးတော့ ဖမ်းဆီးအရေးယူဝာာလည်း မရှိသလောက်ပါပဲ”လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ ကချင်စုရပ်ကွက် လူငယ် ၄ ဦး၊ ၈ ရက်နေ့ ကချင်စုရပ်ကွက်မှာဘဲ လူငယ်တစ်ဦး၊ ၁၁ ရက်နေ့ ခေမာသီရိရပ်ကွက် လူငယ် ၃ ဦးနဲ့ မြတ်မွန်ဆေးရုံမှာ ဆိုင်ကယ်လာခိုးတဲ့ အမျိုးသားတစ်ဦးအပြင် မြစ်ကြီးနားတက္ကသိုလ်ဝင်း ဖုန်းလာခိုးတဲ့ အမျိုးသားတစ်ဦးတို့ ဖြစ်ပါတယ်။
ခုလို ခိုးဆိုးလုယက်သူတွေကို ဖမ်းမိတဲ့အခါ ဆယ်ကျော်သက် လူငယ်တွေနဲ့ ၂၀ ဝန်းကျင်လူငယ်တွေ အများပိုင်းပါဝင်နေတဲ့အပေါ် မြစ်ကြီးနားမြို့ပေါ်က မိခင်တစ်ဦးက အလွန်စိတ်မကောင်းမိကြောင်း ခုလိုပြောပါတယ်။
“ဘာမှမလုပ်တတ်တော့ဘူး ဒီလိုဘဲ ပြောနိုင်တော့တယ်။ အိပ်မပျော်စားမပျော်ရအောင် ခံစားရတာပေါ့ အိမ်က ကျမကလေးတစ်ယောက်တောင် ဆိုင်ကယ်မသွားတယ်။ လောင်းကစားလုပ်ပုံဘဲ ဒီနေ့ထိ ပြန်မရောက်လာဘူး။ ၂ လ၊ ၃ လလောက်တော့ရှိပြီ ဘယ်မှာနေနေသလဲ မသိဘူး”လို့ဆိုပါတယ်။
ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးတဲ့ ခိုးဆိုးလုယက်တဲ့သူအားလုံးကို သက်ဆိုင်ရာ ရဲစခန်းမှာအပ်ကြတာဖြစ်ပါတယ်။
ခုနောက်ပိုင်း ခိုးဆိုးလုယက်သူတွေဟာ ဓါး၊ တုတ်တွေကိုင်ပြီး ခိုးဆိုးလုယက်လာကြတဲ့အတွက် လုယက်ခံရသူတွေဟာ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေသာမက သေဆုံးတဲ့သူပါရှိလာတဲ့အတွက် ရဲတွေအနေနဲ့ ထိရောက်စွာပြစ်ဒဏ်ပေးဖို့ ပြည်သူတွေမျှော်လင့်ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရဲတစ်ချို့ငွေကြေးညှိနှိင်းပြီး အလွယ်တကူပြန်လွှတ်ပေးတဲ့အကြောင်း သတင်းတွေလည်း ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။
KNG စုစည်းထားတဲ့စာရင်းအရ မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်၊ ဇူလှိုင်လ ၄ ကြိမ်နဲ့ ဩဂုတ်လမှာတော့ ၅ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူတစ်ဦးရှိခဲ့တာ ဖြစ်ပါတယ်။
ဖုန်း၊အင်တာနက်ဆက်သွယ်ရေး အခက်အခဲကြားကနေ လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ ဒေသခံပြည်သူတွေဆီကနေ မေးမြန်းထားတာဖြစ်တဲ့အတွက် မြေပြင်အခြေအနေနဲ့ဒီထက်ပိုများနိုင်ပါတယ်။
ခုလိုခိုးဆိုးလုယက်တဲ့ ပြဿနာတွေဟာ ကုန်းဈေးနှုန်းတွေတက်လာပြီး လုပ်ကိုင်စားသောက်ဖို့ ပိုမိုခက်ခဲလာတဲ့အချိန်တွေမှာ မူးယစ်ဆေးဝါးတွေနဲ့ လောင်းကစားရုံတွေ ပေါများလာတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းနဲ့ လောင်းကစားရုံအားလုံးပေါင်းရင် ၃၀ ဝန်းကျင်ထိရှိလာပြီး တစ်ချို့ လောင်းကစားရုံကြီးတွေမှာတော့ မူးယစ်ဆေးဝါးသုံးစွဲလို့ရတဲ့ အခန်းနဲ့ သီချင်းဆိုလို့ရတဲ့ ကာရာအိုကေအခန်းတွေကို တွဲထားပေးတယ်လို့ ဆိုပါတယ်။
လက်ရှိမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုမှာတော့ ရမ်ပူရပ်ကွက်နဲ့ ခေမာသီရိရပ်ကွက်ကတော့ အဆိုးဆုံးအခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
By – Hope



