လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်တပ်ကစေခိုင်းပြီး တိမ်းရှောင်ထားတဲ့ နေအိမ်တွေ ဖောက်ထွင်းခိုးယူမှုတွေရှိနေ

ဖားကန့် ဆိုင်းတောင်ကျေးရွာအုပ်စု ဆန်းကြွယ်ကျေးရွာ တိုက်ပွဲကြောင့် တိမ်းရှောင်သွားကြတဲ့ ကျေးရွာပြည်သူတွေရဲ့ တန်းဖိုးရှိပစ္စည်းတွေကို စစ်တပ်နဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ ပူးပေါင်းပြီး ဖောက်ထွင်း ခိုးယူရောင်းချတာတွေလုပ်တယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။

ဆန်းကြွယ်ပြည်သူတွေ ရွာထဲကနေ ထွက်ပြေးသွားပြီးနောက် စစ်တပ်က မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူတွေကို ရွာထဲကို သွားလာခွင့်ပေးပြီးနောက် ပြည်သူတွေရဲ့ တန်ဖိုးရှိ စက်ယန္တရားများနဲ့ အိမ်တွင်းပစ္စည်းတွေကို သုံးဘီးကာတွေနဲ့ ခိုးယူပြီး ပြန်လည်ရောင်းချခိုင်းနေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

တိုက်ပွဲဖြစ်လာတော့ ပြည်သူတွေအားလုံးနီးပါးရွာထဲကနေ တိမ်းရှောင်ထားကြတယ်လေ။ အဲ့ဒါကို စစ်တပ်က မူးယစ်ဆေးဝါး စွဲနေတဲ့သူတွေကို ရွာထဲကို ဝင်ခိုင်းပြီး အိမ်တွင်းပစ္စည်းတွေ၊ စက်ယန္တရားပစ္စည်းတွေကိုသယ်ယူခိုင်းတယ်။ ပြီးရင် သုံးဘီးကားတွေနဲ့ လိုက်ရောင်းခိုင်းနေတယ်။ ရောင်းမရတဲ့ ပစ္စည်းတွေကိုတော့ ဥရုချောင်းဘက်ကို ပစ်ချလိုက်တာတွေလုပ်တယ်လို့ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေက ဆန်းကြွယ်ကျေးရွာမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အထိုင်ချခဲ့တဲ့နေရာမှာ နေရာယူထားပြီးတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေကို ဝင်ခွင့်ထားပြီးတော့ ပြည်သူပိုင်း ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူ ရောင်းချနေတာဖြစ်တယ်လို့ပြောပါတယ်။

ဆန်းကြွယ်ကျေးရွာကို  ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ မှော်တောင်းကျေးရွာအပါ စစ်တပ်က ဝင်ရောက်ထိန်းချုပ်လိုက်ပြီး လက်ရှိမှာ စစ်အင်အားအများအပြားနဲ့ နေရာယူထားတာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် တိမ်းရှောင်သွားကြတဲ့ စစ်ရှောင်ပြည်သူတွေက အခုလို ဖောက်ထွင်းခိုယူခံနေရပေမယ့် လုံခြုံရေးအတွက် စိုးရိမ်ပြီး ပစ္စည်းတွေ ပြန်လည်ဝင်ရောက်ယူဖို့ အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူတဲ့ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေတင်မဟုတ်ဘဲ ရေမဆေးသမားတွေပါ လုပ်နေတာလို့ နောက်ထပ်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပြပါတယ်။

အခုလို ကျူးလွန်နေတဲ့ သူတွေက မြေစာသမားတွေလည်းပါတယ်။ ကွင်းတွေဝင်မရတော့ ကြံမိကြံရာလုပ်နေကြတဲ့ သဘောလို့ ထင်တယ်။ ပြီးရင်သူတို့တွေက အုံနဲ့ကျင်းနဲ့ ဝင်ယူတာမျိုးတော့မဟုတ်ဘူး။ သူခိုးဝင်ခိုးသလိုပေါ့လို့ ပြောပါတယ်။

ဆန်းကြွယ်ကျေးရွာကို စစ်တပ်ဝင်ရောက်နေရာယူပြီးနောက် ကျေးရွာနေပြည်သူတွေ တိုက်ပွဲမဖြစ်တဲ့ ဖားကန့်မြို့တွင်းနေရာနဲ့  မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီးစတဲ့ မြို့ပေါ်နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် ဆန်းကြွယ်တောင်ကျေးရွာအပါ မှော်တောင်းနဲ့ မနား၊ ရှရော်ခစတဲ့ ကျေးရွာနေပြည်သူတွေလည်း တိုက်ပွဲနယ်မြေထဲ ပါဝင်နေတာကြောင့် ကျေးရွာနေပြည်သူတွေ အများပိုင်း ဘေးလွတ်တဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့ မေလကတည်းကနေ စစ်ကောင်စီတပ်တွေဟာ စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ကားမိုင်းနန့်ယားလမ်းပိုင်း၊ လုံးခင်းကျေးရွာအုပ်စုထဲမှာ ဝင်ရောက်နေရာယူလိုက်ပြီးနောက် လက်ရှိမှာ ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုး တိုက်ပွဲဖော်ဆောင်လာတာ ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button