လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဗန်းမောက်နယ်ထဲက ဆေးရုံဗုံးကြဲခံရမှုမှာ ကျန်းမာရေးဝန်ထမ်း၂ ဦးသေဆုံးခဲ့တယ်လို့ NUG အတည်ပြု

စစ်ကိုင်းနဲ့ကချင်အစပ် တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ MOH ဆေးရုံတည်ရှိရာ ဗန်းမောက်မြို့တောတွင်း တစ်နေရာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ကျန်းမာရေးဝန်ထမ်း ၂ ဦးသေဆုံးခဲ့ရတယ်လို့ NUG ဝန်ကြီးများရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်ကအတည်ပြုပါတယ်။

ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ၄ နာရီဝန်းကျင်ခန့်မှာ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာဖြစ်ပြီး စီနီယာကျန်းမာရေး‌စေတနာ့ဝန်ထမ်း အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးတို့ဒီဖြစ်စဥ်မှာ သေဆုံးခဲ့ရပါတယ်။

ဗန်းမောက် MOH ဆေးရုံရှိရာတောတွင်းတနေရာသို့ ပေါင် ၃၀၀ ဟုယူဆရသောဗုံးတလုံးဖြင့် airstrike ပြုလုပ်သွားခဲ့ပါသည် ကျန်းမာရေးဌာနမှ senior volunteer နှစ်ဦး၊ အမျိုးသမီးတဦး၊ အမျိုးသားတဦးအသက်ပေးကျဆုံးခဲ့ရပါသည်လို့ ဦးနေဘုန်းလတ်က KNG ကမေးမြန်းစဥ်မှာ အခုလိုပဲစာနဲ့တဆင့်အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခံရတဲ့ ဆေးရုံဟာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ဖွင့်လှစ်ထားတာဖြစ်ပြီး ဗန်းမောက်မြို့ရဲ့ တောင်ဘက်ခြမ်း မှာရှိတဲ့ နောက်တန်းဆေးရုံတစ်ခုလို့သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့တစ်ရက်တည်းမှာပဲ ဗန်းမောက်မြို့က NUG ရဲ့အချုပ်ဆောင်တစ်ခုလည်းလေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အချုပ်သားတစ်ချို့ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ မြေပြင်ကဒေသခံတွေကဆိုကြပေမဲ့ NUGဝန်ကြီးများရုံးရဲ့ပြောခွင့်ရ ဦးနေဘုန်းလတ် က ဒီမေးခွန်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာအကြောင်းပြန်ခဲ့တာမရှိပါဘူး။

ပြီးခဲ့တဲ့စက်တင်ဘာလ နောက်ဆုံးအပတ် ဗန်းမောက်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ပြီးတဲ့နောက် စစ်ကောင်စီ တပ်နဲ့ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေဟာ အင်အားဖြည့်တင်းမှုတွေလုပ်ထားသလို ဒရုန်းနဲ့လေကြောင်း တိုက်ခိုက်မှုတွေကိုဆက်တိုက်ပြုလုပ်နေပြီး ဗန်းမောက်မြို့ကိုပြန်ရဖို့ထိုးစစ်ဆင်နေတာလို့ဒေသခံတွေကပြောကြပါတယ်။

ဗန်းမောက်မှာက ထိတွေ့မှုကနေ့တိုင်းဖြစ်နေတာ။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ခံစစ်၊ SNA တွေကတော့ တိုက်စစ်သူတို့က စက်တော နားယကာရွာတွေဘက်ကိုလည်းမီးရှို့တယ်။ သူတို့ကမြို့ကိုပြန်ရချင်ကြတာ။ လေကြောင်းကနေ ဗုံးကြဲတယ်။ ပြီးရင်မြေပြင်ကနေလည်းစစ်ကြောင်းတွေထိုးနေတာလို့ မြေပြင်ကဒေသခံအမျိုးသားကလက်ရှိဗန်းမောက်မြို့အခြေနေကိုပြောပြပါတယ်။

ဒါ့အပြင် နှစ်ဖက်တပ်တွေအကြား ဗန်းမောက်မြို့ကပ်လျှက်ရွာတွေမှာ တိုက်ပွဲပြင်းထန်နေကြတာကြောင့် အရပ်သားထောင်နဲ့ချီ ဘေးလွှတ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဧပြီလက နှစ်ပေါင်း၁၀၀ကျော်အတွင်းအပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့ ငလျင်ပြီးတဲ့နောက်ပိုင်း ဧပြီလကနေ ဇူလိုင်လအထိ ၄လအတွင်း နိုင်ငံတစ်ဝှမ်းက ဆေးရုံးဆေးခန်းနေရာ ၃၀ ကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု တွေလုပ်ခဲ့တယ်လို့ NUG ရဲ့ကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ယခုလ နိုဝင်ဘာလ ၁၁ ရက်နေ့မှာဆိုရင်လည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဝင်းမနားတိုက်နယ်ဆေးရုံကို လေကြောင်း ကနေ စက်တပ်လေထီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနာခုနှစ်ဦးနဲ့ကျန်းမာရေးဝန်ထမ်းတစ်ဦးတို့သေဆုံးခဲ့ရပါသေးတယ်။

​By – အမိုး

Show More

Related Articles

Back to top button