ကသာမြို့က အလယ်တန်းကျောင်းလေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် နမ့်စမ်းကျေးရွာက အလယ်တန်းကျောင်းလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့KG တန်းစာသင်ဆောင်တစ်ခုလုံးနဲ့ ၂ထပ်ဆောင်တစ်ခုအနည်းငယ်ပျက်ဆီးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်း ၇ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာအမျိုးအစား လေယာဥ်နဲ့ ဗုံး၂လုံး အသုံးပြုကြဲချခဲ့တာဖြစ်ပြီး ကျောင်းကပိတ်ထားတာကြောင့် လူထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့သိရပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ ကသာမြို့နယ်အတွင်း လက်တလောမှာ မြေပြင်မှာတစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာလို့ ဒေသခံတွေကပြောပါတယ်။
“အလက စာသင်ကျောင်းပေါ့လေ လေကြောင်းတိုက်ခိုက်ခံရတာ။လူသူထိခိုက်မှုတော့မရှိခဲ့ပါဘူး။ KG ကျောင်းဆောင်ကတော့ အလုံးစုံပျက်ဆီးသွားတယ်။ နှစ်ထပ်ဆောင်ကိုတော့နည်းနည်းထိတယ်။ ဒါပါပဲ။ တိုက်ပွဲဖြစ်တာတွေလည်း မရှိပါဘူး။ ကျောင်းကလည်း ပိတ်ထားတာကြာပါပြီ။ ကလေးတွေတက် နေတဲ့ ကျောင်းလည်းမဟုတ်ပါဘူး”လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

အဲ့ဒီနေ့တစ်ရက်တည်းမှာဘဲ ကသာမြို့အရှေ့ဘက်နဲ့ ကသာမြို့အထွက်ကကျေးရွာတွေကို ကသာမြို့ပေါ်မှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်မှုတွေရှိခဲ့ပြီး အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့သိရပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်း၁၀နာရီလောက်မှာ ကသာမြို့အရှေ့ဘက် ကျောက်ထုံးကြီးကျေးရွာကို ကသာမြို့အထိုင် ခမရ ၃၀၉ တပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။
ကသာမြို့အထွက် ကပ္ပလိပ်ရွာ လက်နက်ကြီးပစ်ခတ်ခံရမှုမှာတော့ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာစာသင် ကျောင်းကိုလည်းလက်နက်ကြီး ထိမှန်ခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတစ်လလုံးမှာဆိုရင်လည်း စစ်ကောင်စီရဲ့လက်ချက်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ အမျိုးသမီး ၅၁ ဦးအထိ သေဆုံးခဲ့ရတယ် လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ကဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ထားပါတယ်။
By – အမိုး



