သတင်း

ဟိုပင်၊ မိုးကောင်းက KIA တပ်စခန်းနှစ်ခုလက်လွတ်လိုက်ရ

စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်နဲ့ မိုးကောင်းမြို့နယ်ထဲက KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ တပ်စခန်းနှစ်ခုကို လက်လွတ်လိုက်ရတယ်လို့သိရပါတယ်။

ယခုရက်ပိုင်းအတွင်း ဟိုပင်မြို့အရှေ့ဘက်ခြမ်းရှိ တပ်စခန်းတစ်ခုနဲ့ မိုးကောင်းမြို့ဟောင်းအနီး ပါခုတ်တောင်ကုန်းပေါ်က တပ်စခန်းတစ်ခုကိုပါ KIA နဲ့ PDF ပူးပေါင်းတပ်တွေ လက်လွတ်လိုက်ရတယ်လို့ KIA နဲ့ နီးစပ်တဲ့ မိုးကောင်းမြို့ခံပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။

လက်လွတ်လိုက်ရတဲ့ စခန်းက နှစ်ခုဟုတ်တယ်။ မိုးကောင်းပါခုတ်က စခန်းကုန်းတစ်ခုကို နောက်ဆုတ်လိုက်ရတယ်။ ပြီးရင် ဟိုပင်အရှေ့ဘက်မှာလည်း စခန်းတစ်ခုဆုတ်လိုက်ရတယ်။ စခန်းတွေနောက်ဆုတ်လိုက်ရတော့ နန့်ရင်းအထွက်တွေမှာ KIA နဲ့ PDF တွေက ခုခံတိုက်ခိုက်တော့ စစ်ရေးက တင်းမာနေဆဲဖြစ်တယ်လို့ပြောပါတယ်။

မိုးညှင်း၊ ဟိုပင်နဲ့ မိုးကောင်းတစ်လျှောက်မှာ စစ်တပ်နဲ့ SNA တပ်သားတွေဟာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေနေရာယူထားတဲ့ နယ်မြေထဲကို စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာကြောင့် အပြန်အလှန်ထိတွေ့တိုက်ပွဲတွေဖြစ်နေတာ တစ်လခန့်ကြာမြင့်လာပြီလို့သိရပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်တပ်နဲ့ SNA တပ်တွေထိနာခဲ့ပြီး ပြီးတဲ့တစ်ပတ်အတွင်း တန်ပြန်စစ်ဆင်ရေးဖော်ဆောင်တဲ့တိုက်ပွဲမှာ KIA က တပ်စခန်းနှစ်ခုလက်လွတ်လိုက်ရတာဖြစ်တယ်လို့သတင်းအရင်းတွေပြောပြပါတယ်။

KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တပ်စခန်းနှစ်ခုလက်လွတ်လိုက်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIA နဲ့ နီးစပ်တဲ့ ဖားကန့်ပြည်သူတစ်ဦးက အခုလိုဆက်ပြီးပြောပြပါတယ်။

နောက်ဆုတ်လိုက်ရတာကသေချာပါတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်က ဒရုန်းနဲ့ ခေါင်းတောင်မဖော်နိုင်အောင် ပြင်းပြင်းထန်ထန် ပစ်ခတ်တော့ ဆုတ်လိုက်ရတယ်လို့ပြောပါတယ်။ အဲ့ဒီ ပါခုပ်တောင်က နမ့်ရှန်အနီးမှာရှိတဲ့ တောင်ကုန်းဖြစ်တယ်လို့ပြောပါတယ်။

မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့နယ် သံလမ်းတစ်လျှောက် နယ်မြေစိုးမိုးဖို့ ကြိုးပမ်းနေတဲ့ ရှမ်းနီ SNA တပ်တွေက တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာကြောင့် တိုက်ပွဲတွေ ဆက်ရှိလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာ ဟိုပင်မြို့အရှေ့ဘက်ခြမ်း KIA တပ်မဟာ ()သွားလမ်းဘက်ကိုဦးတည် စစ်ကြောင်းထိုးလာတဲ့အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြားထိတွေ့တိုက်ပွဲရှိခဲ့ပါသေးတယ်။

ရှမ်းနီ SNA တပ်ဘက်ကနေ ခုခံတိုက်ခိုက်နိုင်ဖို့အတွက် ဟိုပင်မြို့ နန့်ရင်းချောင်းကူးတံတားနေရာကိုလည်း သွားလာလို့မရအောင် မြေတူးဖော်ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းနီ SNA တပ်တွေဟာ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းတစ်လျှောက်သွားလာတဲ့ ခရီးသွားပြည်သူတွေကို လူသစ်စုဆောင်းတာတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button