ပူတာအိုမှာ ဖမ်းဆီးခံလိုက်ရတဲ့ Starlink wifi စက်အလုံးရေ ၆၀ အထိရှိလာပြီး ဆက်ပြီးလိုက်လံဖမ်းဆီးနေဆဲ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီတပ်က Starlink Wifi စက်တွေလိုက်ဖမ်းနေကြောင်း ဒေသခံများထံမှ သိရပါတယ်။
ပူတာအိုမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်ကျေးရွာတွေမှာ ဖွင့်ထားတဲ့ Starlink wifi စက်တွေကို ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းကစပြီး လိုက်ပြီးဖမ်းနေတာလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“အကုန်လိုက်ဖမ်းတယ် ဘယ်တော့ပြန်ပေးမလဲတော့မသိရသေးဘူး။ခုမြို့ထဲမှာဖွင့်ထားတဲ့စက်တွေကော ရွာဘက်ကဆိုင်တွေကော အကုန်လိုက်စစ်တယ် အခုလောလောဆယ်တော့အကုန်လုံးပိတ်ထားတယ်”လို့ အသက် ၄၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက Starlink wifi စက်တွေကို လိုက်ဖမ်းနေတာကြောင့် လက်ရှိပူတာအိုမြို့ပေါ်က Starlink wifi ဖွင့်ထားတဲ့ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာဖွင့်ထားတဲ့ wifiတွေနဲ့ အိမ်သုံးတပ်ထားတဲ့ wifi တွေကအစ ပိတ်ထားရကြောင်း သိရပါတယ်။
ပူတာအိုမြို့ပေါ်မှာ Starlink wifi စက်တွေကို ခုလိုရုတ်တရက်လိုက်လံဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး ပူတာအို ခ.လ.ရ ၄၆ တပ်နဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

“အသိလည်းမပေးဘူးရုတ်တရက်ကြီးကိုဝင်စစ်ဝင်သိမ်းလုပ်သွားတာ အခြေနေကတော့အမျိုးမျိုးကြားနေရတယ် မ. ပ.ခ ကနေဒုတိုင်းမှူးလာမှာမလို့လည်း ကြားရတယ်။ ရွေးကောက်ပွဲနီးလာလို့လည်း ကြားရတယ်။ ဘာကြောင့်ပိတ်ခိုင်းတာလဲဆိုတာအတိအကျတော့မသိရဘူး”လို့သူကပြောပါတယ်။
လတ်တလော ပူတာအိုမြို့မှာ စတားလင့်တွေကို လိုက်လံဖမ်းဆီးနေဆဲဖြစ်တယ်လို့သိရပြီး ဖမ်းထားတဲ့စတားလင့်စက်အလုံးရေ ၆၀ ဝန်းကျင်ခန့်ရှိနိုင်တယ်လို့လည်း အထက်မှာဖော်ပြတဲ့ ပူတာအို ခ.လ.ရ ၄၆ တပ်နဲ့နီးစပ်တဲ့အမျိုးသားက ဆက်ပြောပါတယ်။
ပူတာအိုမြို့နဲ့ဝေးတဲ့ လုံရှာယာန်၊ ဖက်မာ၊ နမ်ထူခူးစတဲ့ကျေးရွာတွေဘက်မှာတော့ လိုက်လံသိမ်းဆည်းတာမျိုးမရှိသေးကြောင်းသိရပါတယ်။
လက်ရှိပူတာအိုမြို့ခံတွေဟာ Mytel ဆင်းမ်ကဒ်နဲ့ အင်တာနက်အသုံးပြုရဖို့အတွက် ဖုန်းအရောင်းဆိုင်တွေမှာ VPN ဝယ်ပြီးသုံးနေရကြောင်း သိရပါတယ်။
“Mytel နဲ့ရတယ် ဒါပေမယ့် vpn ဝယ်သုံးရတယ် တစ်သောင်းနဲ့ဝယ်ရတယ်သူတို့ပေးတဲ့VPN နဲ့ ပြီးတော့ File သီးသန့်ချပေးသေးတယ်အဲ့ဖိုင်ထည့်သုံးမှရတယ်”လို့ မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။
ဒေသခံတွေသုံးချက်အရ ရွေးကောက်ပွဲနီးကပ်လာလို့ပိတ်တာလည်းဖြစ်နိုင်သလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးရဲ့ခရီးစဥ်ရှိတာကြောင့်ပိတ်တာလည်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတယ်။
ပူတာအိုမြို့အပါအဝင် မြစ်ကြီးနား၊ တနိုင်း၊နောင်မွန်၊ခေါင်လန်ဖူး၊ မိုးညင်းစတဲ့မြို့နယ်တွေမှာတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာရွေးကောက်ပွဲကျင်းပဖို့ရှိပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ Starlink Wifi စက်တွေပုံမှန်အတိုင်းအသုံးပြုလို့ရနေဆဲလို့သိရပါတယ်။
စစ်ကောင်စီဟာကချင်ပြည်နယ် ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းကတည်းက ဖုန်းဆက်သွယ်ရေးလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီးမြို့နယ်အချို့မှာ ဖုန်းဆက်သွယ်ရေးလိုင်းတွေပြန်ဖွင့်ပေးခဲ့ပေမယ့်ဖုန်း အင်တာနက်လိုင်းတွေကတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။
ဒါကြောင့် ပူတာအိုအပါအဝင် ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာမှာတော့ Starlink wifi စက်တွေနဲ့အင်တာနက်အသုံးပြုနေကြရတာဖြစ်ပါတယ်။
By – Zaw Zaw



