ပူတာအို နမ့်စဘွမ်ရွှေမှော်မှာ စက်ယန္တရားနဲ့ရွှေလုပ်သားတစ်ချို့ကို စစ်တပ်ဖမ်းဆီး
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲက နာမ့်စဘွမ်ရွှေမှော်မှာ စက်ယန္တရားတစ်ချို့နဲ့ရွှေလုပ်သားတစ်ချို့စစ်ကောင်စီဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရပါတယ်။
ဒီဇင်ဘာလ ၉ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင် အင်အား ၃၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပူတာအိုမြို့အရှေ့ဘက်ရှိ နမ့်စဘွမ်နဲ့နမ့်ခမ်းရွှေမှော်ထဲဝင်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ နမ့်စဘွမ်ကျေးရွာနေအမျိုးသားတစ်ဦး KNGကိုပြောပါတယ်။
“မျက်စိရှေ့မှာတော့ ဘတ်ဖိုးနှစ်စီးဖမ်းသွားတယ် နောက်ထပ်ဘယ်နှစ်စီးဖမ်းခံရလဲအတိအကျတော့မသိရဘူး။ ပြီးတော့ ရွှေကျင်းက ကျင်းသားခြောက်ယောက်ဖမ်းသွားတယ်”လို့ သူကပြောပါတယ်။

စစ်ကောင်စီစစ်သားတွေဟာ နမ့်စဘွမ်ရွှေမှော်ထဲက ဘတ်ဖိုးယာဥ်နှစ်စီးထက်မနည်းနဲ့ ရွှေလုပ်သားအမျိုးသား ၆ ဦးကိုလည်း ဖမ်းဆီးသွားကြောင်းသိရပါတယ်။
“ပြန်လွတ်လာတာတော့မကြားမိသေးဘူး စစ်သားတွေရုတ်တရက်ဝင်လာတော့အကုန်ထွက်ပြေးကြတာ အခုလောလောဆယ်ရွှေမှော်တွေအကုန်ပိတ်ထားတယ်”လို့အထက်ဖော်ပြပါနမ့်စဘွမ်ကျေးရွာနေအမျိုးသားကဆက်ပြောပါတယ်။
အလားတူမနေ့ကတစ်ရက်တည်းမှာပဲ ပူတာအိုမြို့အနောက်ဘက်ခြမ်းက မကျော့ဝါ၊နာမ်ဟော်စတဲကျေးရွာတွေဘက်က ရွှေမှော်တွေမှာလည်း စစ်ကောင်စီစစ်သားတွေဝင်ရောက်လာပြီး အရပ်သားတစ်ချို့ဖမ်းခံရတာရှိတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အချက် လက်အတိကျ ရရှိဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်က အခုလိုဝင်ရောက်ဖမ်းဆီးမှုတွေကြောင့် ပူတာအိုမြို့မြို့နယ်ထဲက ရွှေမှော်အများစု ပိတ်ထားရကြောင်းသိရပါတယ်။
လက်ရှိပူတာအိုဒေမှာ တူးဖော်နေကြတဲ့ရွှေလုပ်ကွက်တွေဟာ တရားမဝင်ရွှေလုပ်ကွက်တွေပဲဖြစ်ပါတယ်။
စစ်အာဏာမသိမ်းမှီက ပူတာအိုဒေသမှာ လက်လုပ်လက်စားရွှေတူးဖော်မှုအဆင်သာရှိခဲ့ပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်းကနေတော့ စက်ယန္တရားကြီးတွေနဲ့ရွှေတူးဖော်မှုတွေအများအပြားရှိခဲ့ပြီးလက်ရှိအချိန်ထိဖြစ်ပါတယ်။
ရွှေတူးဖော်မှုတွေကြောင့် ပူတာအိုဒေသထဲက လယ်ယာတွေနဲ့ မြစ်ချောင်းအင်းအင်ပျက်စီးမှုနှုန်းပိုပြီးဆိုးရွာလာနေတာဖြစ်ပါတယ်။
By – Zaw Zaw



