မြစ်ကြီးနားက ပြည်သူတချို့ အရေးယူခံရမှာ စိုးရိမ်လို့ မဲသွားထည့်ခဲ့တာလို့ ပြော
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အာဏာသိမ်းစစ်တပ်က ပြန်လည်ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုက စိတ်ဝင်စားမှု နည်းပါးခဲ့ပြီး မဲပေးခဲ့တဲ့ ပြည်သူတွေကလည်း အရေးယူခံရမှာစိုးရိမ်တဲ့အတွက် ပေးခဲ့တာလို့ ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ အာဏာသိမ်းစစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်နေ ပြည်သူတစ်ဦး KNG ကို ပြောပါတယ်။
“မဲလာပေးကြတဲ့ သူတွေကလည်း အရမ်းပေးချင်လို့ ပေးကြတာ မဟုတ်ဘူး။ အဓိကတော့ မှတ်ချက်ပြုခံရမှာကြောက်လို့ လာပေးကြတာ။ သူတို့ရဲ့ ပုံစံက ရွေးကောက်ပွဲကို ဘယ်ပါတီက ဘယ်လိုဆိုပြီး တိတိကျကျ သိကြတဲ့သူတွေလည်း မရှိကြဘူး။ စိတ်ဝင်စားပြီး လာပေးကြတဲ့သူတွေ မဟုတ်ဘူး။ မဖြစ် မနေနဲ့ ပေးလိုက်ရတဲ့သဘော” လို့ ပြောပါတယ်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေကြတဲ့ နိုင်ငံရေးပါတီတွေ နဲ့ ပါတီကိုယ်စားလှယ်တွေကို မသိတဲ့ ပြည်သူတွေများတယ်လို့ ဆက်ပြောပါတယ်။
မဲရုံထဲ မဲစာရင်းလွဲမှားမှုကြောင့် မဲ မထည့်ရဘဲ ပြန်သွားကြသလို တစ်ချို့က အမည်စာရင်းမပါရှိတဲ့သူတွေလည်း များစွာ မြင်တွေ့ရတယ်လို့ သိရပါတယ်။
နောက်ထပ် ဒူကထောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက “ကျမတို့က သွား မထည့်ဘူး။ ဒါပေမယ့် မဲရုံကနေ ဖြတ်သွားကြည့်တယ် ဟိုအရင်ကလို လူစည်ကားမှုလည်း မရှိဘူး။ လာထည့်တဲ့သူတွေလည်း သိပ်မရှိကြဘူး။ ဒါပေမယ့် မြို့သစ်ကြီးဘက်မှာတော့ နည်းနည်း တွေ့ရတယ်” လို့ ပြောပါတယ်။
ဒူကထောင်ရပ်ကွက်မှာက သတ်မှတ်ထားတဲ့ မဲရုံတွေမှာ လာရောက်မဲလာထည့်တဲ့ ပြည်သူတွေ မရှိသလို မဲရုံထားရှိတဲ့ အ.မ.က(၁) စာသင်ကျောင်းမှာလည်း မဲထည့်သူမရှိဘဲ တိတ်ဆိတ်နေကြတယ်လို့ ဆက်ပြောပြပါတယ်။
မဲရုံအထိ သွားရောက်မဲပေးခဲ့တဲ့ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက “မဲ သွားထည့်ခဲ့တယ်။ နာမည်စားရင်း ပါနေလျက်နဲ့ တစ်အိမ်မှာ တစ်ယောက်တောင် သွားမထည့်ဘူးဆိုရင် အိမ်အထိလာပြီး ခြိမ်းခြောက်ခံရမှာ စိုးရိမ်လို့ သွားထည့်ခဲ့တယ်” လို့ ပြောပါတယ်။
အလားတူ မိုးညှင်း၊ ပူတာအိုမြို့ပေါ်တွေမှာလည်း မဲသွား မပေးရင် ခြိမ်းခြောက်ခံရမှာစိုးရိမ်လို့ သွားထည့်ကြသလို တစ်ချို့ပြည်သူတွေက နာမည်စာရင်းလွဲမှားတဲ့အတွက် မဲမထည့်ဘဲ ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်မှာတော့ ပထမအကြိမ်အဖြစ် မြစ်ကြီးနား၊ မိုးညှင်း၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး နဲ့ တနိုင်းမြို့ပေါ်တွေမှာ ကျင်းပနေကြပြီး၊ ဒုတိယအကြိမ်အဖြစ် လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဝိုင်းမော်၊ မချမ်းဘော့၊ မိုးကောင်း နဲ့ တတိယအကြိမ်မှာတော့ ဖားကန့်၊ ရွှေကူ၊ ဗန်းမော် တွေမှာ ကျင်းပဖို့ ထုတ်ပြန်ထားပါတယ်။
ပြည်နယ် ပါတီတွေအနေနဲ့တော့ ကချင်ပြည်နယ်ပြည်သူ့ပါတီ – KSPP ၊ ဒီမိုကရေစီပါတီသစ် (ကချင်) NDP-K၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP နဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP စတဲ့ပါတီတွေအပြင် တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေက ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။



