သတင်း

ရွေးကောက်ပွဲလုပ်နေတဲ့ ကသာမြို့မှာ ပစ်ခတ်မှုတွေဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းကင်းထောက်မှုတွေလုပ်

စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့ပေါ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပနေချိန်မှာပဲ လက်နက်ကြီးနဲ့ လက်နက်ငယ်ပစ်ခတ်သံတွေ ထွက်ပေါ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ရွေကောက်ပွဲ အပိုင်း ၁ အနေနဲ့ အစောဆုံးကျင်းပနေတဲ့မြို့နယ်တွေထဲ ကသာမြို့လည်းပါဝင်ပြီး ကန့်ဘလူ၊ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ ဟုမ္မလင်း၊ ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်း၊ တမူးနဲ့ ကလေးမြို့နယ်စတဲ့ စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေထဲ ရွေးကောက်ပွဲအပိုင်း ၁ ကို ကျင်းပနေတာပါ။

အဆိုပါ စစ်ကိုင်းတိုင်းထဲက ရွေးကောက်ပွဲကျင်းပနေတဲ့မြို့နယ်တွေထဲ နန်းယွန်း၊ လဟယ်၊ လေရှီး နဲ့ ခန္တီးမြို့တွေကလွဲလို့ ကျန်တဲ့ ဒေသတွေဟာ စစ်ကောင်စီကိုတော်လှန်မှု အားကောင်းတဲ့ဒေသတွေဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပခင် မနေ့ကအထိကို အဲ့ဒီဒေသ တွေထဲ နှစ်ဖက်လက်နက်ကိုင်တွေအကြားပစ်ခတ်မှုတွေရှိနေတာဖြစ်ပါတယ်။

ကသာမြို့ပေါ်မှာတော့ ရွေးကောက်ပွဲလုပ်နေတဲ့ ဒီကနေ့မနက်ပိုင်းမှာပဲ မြို့ရဲ့အဝင် တပ်ကုန်းရပ်ကွက်တွေတစ်ဝှိုက်နဲ့ ကသာမြို့ ခမရ ၃၀၉ တပ်ရင်းတွေကနေ ပစ်ခတ်သံတွေထွက်ပေါ်နေတယ်လို့ မြို့ခံတွေကပြောကြပါတယ်။

ကသာမြို့ခံတစ်ဦးပြောတာက “ဒီမနက်အထိကိုပစ်ခတ်သံတွေကြားနေရတာပါ။ ၃၀၉ တပ်ရင်းနားတစ်ဝှိုက်ကပစ်နေတာလို့ ပြောတယ်။ မြို့ထဲမှာတော့ စစ်ကောင်စီဘက်က ကင်းတွေချထားတာပေါ့။ မြို့ထဲမှာကဘာမှတော့မဖြစ်ဘူး။ မြို့အဝင် ဘက်တွေပေါ့လေ ပစ်ခတ်သံတွေ ကြားနေရတာ။ လေယာဥ်တွေကလည်း Y12 ရော ဂျက်ဖိုက်တာတွေရော ပဲဝဲနေတာ။” လို့ ပြောပါတယ်။

ကသာမြို့အတွင်းကြားနေရတဲ့ပစ်ခတ်သံကတော့ နှစ်ဖက်တပ်တွေအကြား လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်နိုင်တယ်လို့ဒေသခံတွေ သုံးသပ်နေကြပြီး အခြေနေအသေးစိတ်ကိုတော့ KNG က အတည်မပြုနိုင်သေးပါဘူး။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းနဲ့ ကျင်းပသွားမှာဖြစ်ပြီး အပိုင်း ၁ ကိုတော့ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပဲ မြို့နယ်ပေါင်း၁၀၂ မြို့နယ်မှာ ကျင်းပနေပြီဖြစ်သလို လာရောက်မဲပေးမှုမရှိတဲ့ဒေသ‌တွေမှာအတင်းအကြပ်ဖိအားပေး မဲပေးစေခိုင်း မှုတွေရှိနေတယ်လို့ လွတ်လပ်တဲ့သတင်းဌာနတွေက ရေးသားနေတာတွေ့ရပါတယ်။

လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့မှာတော့ မြို့နယ် ၁၀၀ မှာ ရွေးကောက်ပွဲ အပိုင်း ၂ ကိုကျင်းပမယ်လို့စစ်ကောင်စီကကြေညာ ထားပြီး အပိုင်း ၃ ကိုတော့ အပိုင်း ၂ အပြီး ၂ပတ်အကြာမှာပဲကျင်းပမယ်လို့သိရပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၃ မှာကျင်းပမယ်လို့ ရည်ရွယ်ထားတဲ့နေရာတွေဖြစ်တဲ့ ချင်းပြည်နယ်က မြို့နယ် ၃ခု၊ စစ်ကိုင်းတိုင်း က မြို့နယ် ၂ခု၊ ရခိုင်ပြည်နယ်က မြို့နယ် ၄ခုအပါအဝင် ကချင်၊ ကရင်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းက ကျေးရွာအုပ်စုပေါင်း ၁၀၀၂ အုပ်စု၊ ရပ်ကွက် ၆၂ ရပ်ကွက်တို့မှာ ရွေးကောက်ပွဲမလုပ်နိုင်တော့တဲ့ အကြောင်း ဒီကနေ့ပဲစစ်ကော်မရှင်ပိုင်သတင်းစာတွေမှာထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button