ကသာမြို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုတွေရှိ
စစ်ကိုင်း–ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ပတ္တမြားရပ်ကွက်က ဈေးနဲ့ အထက ၂ ကျောင်းက အဆောက်အဦးတချို့ မီးလောင်ပျက်ဆီးမှုတွေရှိနေတယ်လို့ ကသာမြို့ခံတွေကပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ ကသာမြို့နဲ့ ၁၅ မိုင်အကွာ မိုးတာလေးတိုက်နယ်ထဲကကျေးရွာတစ်ရွာလေကြောင်း
တိုက်ခိုက်ခံခဲ့ရပြီး အရပ်သား ၁ ဦးသေဆုံး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
“ကသာမြို့ကဒေသခံတွေအများစုကတော့ ဘေးလွှတ်ရာတွေကိုရှောင်ကုန်ကြပြီ။ ဘာမှကိုသယ်ချိန်မရပါဘူး။ ကသာမြို့က ပတ္တမြားဈေးနဲ့ အထက ၂ ကတော့ မီးလောင်တယ်လို့ကြားတယ်။” လို့ ကသာမြို့ကနေထွက်လာတဲ့ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နေ့စဥ် ကသာမြို့ပေါ်နဲ့ အနီး၀န်းကျင်ကို လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေပြီး အရပ်သားထိမှန် သေဆုံးမှုတွေလည်းရှိနေပါတယ်။
ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးနေထိုင်ကြတဲ့ဒေသခံတချို့ကတော့ စစ်ကောင်စီတပ်ဟာ မြို့သိမ်းတိုက်ပွဲစဖြစ်တဲ့ ဒီဇင်ဘာ လ ၂၈ ရက်နေ့ကစ ဒီနေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေသေးပြီး လေကြောင်းတိုက်ခိုက်မှုတွေပိုပြီးပြင်းထန်လာ တယ်လို့ပြောပါတယ်။
“ကျမတို့ပတ်ချာလည် လေယာဥ်ဗုံးကြဲလို့ ဒီမနက်ပဲဆေးခန်းတွေပြေးနေကြရတယ်။ ပြည်သူတွေထိသွားတယ်။ ၁ ယောက် တော့ဆုံးသွားပြီလို့ကြားတယ်။ ဆေးခန်းသွားကြတုန်း”လို့ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးနေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူဟာ မိုးတားလေးတိုက်နယ် ဟဲနားကျေးရွာနေ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦး ဖြစ်ပြီး လေကြောင်းကနေတိုက်ခိုက်တဲ့ဗုံးအစထိမှန်သေဆုံးခဲ့ရတာလို့ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကသာမြို့ရဲ့ မြို့တွင်း၊ မြို့ပြင်တွေအပါအဝင် မြို့နဲ့ ၁၅ မိုင်လောက်အကွာက ကျေးရွာတွေကိုပါလေကြောင်း တိုက်ခိုက်တာတွေလုပ်နေတာဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲစဖြစ်တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေပြီး ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေရှိလာတယ်လို့ ကသာမြို့ကနေထွက်လာနိုင်တဲ့စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ ကသာမြို့ပေါ်အထိဝင်ရောက်လာနိုင်ပြီး တိုက်ပွဲတွေဆက်ဖြစ်နေသလို ကသာမြို့ ခမရ ၃၀၉ တပ်ကိုလည်း ဝိုင်းထားတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
ပြင်းထန်လာတဲ့နှစ်ဖက်တိုက်ပွဲကြောင့် ကသာမြို့တွင်းက မြို့ခံအများစု ဘေးလွှတ်ရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့လုံးကျွတ်နီးပါးစစ်ဘေးရှောင်နိုင်ကြပြီဖြစ်ပေမဲ့ မြို့တွင်းကျန်ရစ်သူတချို့ရှိနေသေးတယ်လို့ ထွက်ပြေးလာတဲ့ စစ်ရှောင်တွေက ပြောကြပါတယ်။
ကသာမြို့နယ်အခြေနေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ငံတစ်ဝှမ်းမြို့သိမ်းတိုက်ပွဲတွေပြင်းထန်လာချိန်ကစလို့ တော်လှန်ရေးအင်အားစု တွေက ကသာမြို့ပြင်ကကျေးရွာတွေအများစုကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ ကသာမြို့မှာ မြို့ပေါ် ရပ်ကွက် ၁၀ ခုနဲ့ကျေးရွာအုပ်စု ၃၂ ခုရှိပြီး လူဦးရေ ၁သိန်း၆သောင်း ကျော်ရှိတယ်လို့သိရပါတယ်။
By – အမိုး



