စစ်ပြေးဒုက္ခသည်များသတင်း

ကသာ စစ်ဘေးရှောင်တွေကို စေတနာထားကူညီကြတဲ့ ဧရာဝတီမြစ်ဘေးက ကျေးရွာများ

ကသာမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာတာနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေး‌ရှောင်တွေအပေါ် စေတနာထား ကူညီကြတဲ့ ကသာမြို့ပြင် ဧရာဝတီမြစ်ဘေးကကျေးရွာတွေကို ကျေးဇူးတင်ကြောင်း စစ်ဘေးရှောင်တချို့က KNG ကို ပြောကြပါတယ်။

ကသာမြို့တွင်း နေထိုင်ကြတဲ့ မြို့လုံးကျွတ်ဒေသခံတွေဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရပြီး ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့နဲ့ မန္တလေးမြို့တွေအပါအဝင် စစ်ဘေးရှောင်တချို့ဟာ ကသာမြို့ပြင် ဧရာဝတီမြစ် ကမ်းနဘေးကကျေးရွာတွေမှာ တိမ်းရှောင်နေကြရပါတယ်။

အဲ့ဒီထဲကမှ အစုကြီးလို့ ဒေသခံတွေခေါ်ကြတဲ့ ကျောက်ပုံ၊ ကလုံ၊ အင်းရွာလေး နဲ့ သာဂရ(လေး)ရွာ ကဒေသခံတွေကူညီကြလို့ စားဝတ်နေရေးအပြင် အစစအရာရာအဆင်ပြေရကြောင်း စစ်ဘေးရှောင်နေရတဲ့ကသာမြို့ခံအမျိုးသမီးတစ်ဦးကပြောပြပါတယ်။

နည်းတဲ့လူမဟုတ်ဘူး။ အစုကြီးဆိုတဲ့ရွာလေးရွာပေါ့လေ အဲ့မှာလူတွေကပုံသွားတာ။ ကံကောင်းတာက အဲ့ဒီမှာကရေလည်းရှိ တယ်။ ဆိုလာနဲ့မီးလည်းရှိတယ်။ ထမင်းကလည်းရွာကချက်ကျွေးတယ်။ အဲ့ရွာကလူတွေကစေတနာကောင်းတယ်။ တစ်ခုမှကို ဝယ်မစားရဘူး။ မနက်မိုးလင်းဆိုရင် မုန့်တွေလာပို့ပေးထားတယ်။ အဲ့လိုဆိုတော့ဝမ်းသာသွားတာပေါ့လေလို့ပြောပါတယ်။

ကသာမြို့ကစစ်ဘေးရှောင်တွေဟာ အစုကြီး ခေါ် ဧရာဝတီမြစ်ကမ်းနဘေးကကျေးရွာက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင် နေကြတဲ့အပြင် ဒေသခံတွေကလည်း သူတို့နေအိမ်တွေမှာနေထိုင်ခွင့်ပေးသေးတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဒါ့အပြင် အဆိုပါကျေးရွာ ၄ ခုကဒေသခံတွေဟာ ဧရာဝတီမြစ်ကိုမှီခိုရင်း လှေနဲ့ဇတ်ကူးတဲ့လုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပြီး ဧရာဝတီမြစ်တစ်ဖက်ကမ်းကိုသွားလိုတဲ့ စစ်ဘေးရှောင်တွေအတွက် ပုံမှန်ဇတ်ကူးခထက် ဈေးလျော့ပေးကြသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့စစ်အုပ်စုရွေးကောက်ပွဲ အပိုင်း ၁ ကို ကသာမြို့မှာကျင်းပနေချိန် တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုနေရာယူထားတဲ့စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ဒီနေ့အထိနှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေကြ တာဖြစ်ပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလ ၃ ရက်နေ့နောက်ပိုင်းမျာတော့ နှစ်ဖက်လက်နက်ကိုင်တွေအကြား ထိတွေ့တိုက်ပွဲခေတ္တငြိမ်သက်နေပြီး စစ်အုပ်စုက တော့ ကသာမြို့နယ်တစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေဆဲလို့သိရပါတယ်။

တိုက်ပွဲတွေကတော့ငြိမ်တော့ငြိမ်နေတယ်။ ဒါပေမဲ့ မနေ့ညကထိ ဂျက်ဖိုက်တာတွေနဲ့ဗုံးတွေပတ်ကြဲတယ်။ ဒီနေ့မနက်ပိုင်း အထိကတော့ ပြန်ငြိမ်နေပြန်တယ်လို့ ဒီကနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နေ့လည်ပိုင်းအထိအခြေနေကို ဒေသခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတစ်ဝှမ်းတိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ စစ်ဘေးရှောင်ဦးရေကလည်းတိုးမြှင့်လာပြီး စစ်ဘေးရှောင်အချင်းချင်းကူညီဖေးမကြတာဟာ အဆိုးများထဲကကြည်နူးဖွယ်ဖြစ်နေပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိကို နိုင်ငံတစ်ဝှမ်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ဦးရေ ၃.၆ သန်းအထိရှိလာတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button