ဝန်းသိုမြို့ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်
စစ်ကိုင်းနဲ့ကချင်အစပ်က ဝန်းသိုမြို့ နမ်းခမ်းကျေးရွာကြီးကို စစ်ကော်မရှင်တပ်က ဇန်နဝါရီလ ၈ ရက်နေ့ မနေ့က ညပိုင်း၈ နာရီဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်အိမ်မီးလောင်ပျက်ဆီးခဲ့ရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
နမ်းခမ်းကျေးရွာအုပ်စုက အရှေ့စက်ရပ်ကွက်နဲ့ဘူတာစုရပ်ကွက်တွေတစ်ဝှိုက်ကို တိုက်ပွဲတစ်စုံတစ်ရာဖြစ်တာမရှိဘဲ ရုတ်တရက်ဆိုသလို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“ဂျက်ဖိုက်တာ ၂ စီးနဲ့လာပစ်သွားတာ။ ပထမတစ်စီးနဲ့ ဒုတိယတစ်စီးက ၁၀ မိနစ်လောက်ပဲခြားတာ။ လေကြောင်းတိုက်ခိုက်မှု ကြောင့်တော့ ထိခိုက်ဒဏ်ရာရတာပဲရှိခဲ့တယ်။ လူသေဆုံးမှုကတော့မကြားသေးဘူး”လို့ ဝန်းသိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကထွက်ပေါ်လာတဲ့သတင်းတွေအရ တော်လှန်ရေးအင်အားစုတွေက ဝန်းသိုမြို့ကိုဝင်တိုက်တော့မှာ ဖြစ်တာကြောင့် ဇန်နဝါရီလ ၉ ရက်နေ့နောက်ဆုံးထားပြီး ဒေသခံတွေလည်းဘေးလွှတ်ရာတွေမှာကြိုတင်တိမ်းရှောင်ကြဖို့ သတင်းတွေထွက်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့အထိတော့ စစ်ကော်မရှင်တပ်ဘက်ကသာ ဝန်းသိုမြို့ကနေ ဆိုင်ကယ်နဲ့သွားရင် မိနစ် ၂၀ ဝန်းကျင်လောက်ကွာဝေးတဲ့ အာမခံ၊ ဩဂ စတဲ့ကျေးရွာတွေတစ်ဝှိုက်စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေပြီး ဒီနေ့အထိနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာတော့မရှိ သေးပါဘူး။
အထက်ပါဝန်းသိုမြို့ခံအမျိုးသားက“သူတို့ဘက်ကလေကြောင်းတိုက်ခိုက်တာကတော့ ၉ ရက်နေ့ကိုဒေသခံတွေကိုထွက်ဖို့ကြေညာထားတာကြောင့်မို့ ဗုံးကြဲတာ နေမှာ”လို့သူ့ရဲ့အမြင်ကိုပြောပြပါတယ်။
လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ နမ့်ခမ်းကျေးရွာအုပ်စုဟာ ဝန်းသိုမြို့နယ်ထဲက အကြီးဆုံးစံပြကျေးရွာထဲကတစ်ခုဖြစ်ပြီး လက်ရှိတော့ တော်လှန်ရေးအင်အားစုတွေဘက်က စိုးမိုးထိန်းချုပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
နမ့်ခမ်းကျေးရွာကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့ စစ်ကိုင်းငလျင်ကြောင့်အပစ်ရပ်ထားချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပြီး အဲ့ဒီတိုက်ခိုက်မှုမှာ အရပ်သား ၂၀ ကျော် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပါသေးတယ်။
ဝန်းသိုမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ပြီး ၆ လအကြာမှာပြန်လည်လက်လွှတ်ခဲ့ရတဲ့ ကောလင်းမြို့နဲ့ ကပ်လျှက်မှာတည်ရှိပြီး ဗန်းမောက်၊အင်းတော်၊ ပင်လည်ဘူးစတဲ့ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားဆဲမြို့တွေနဲ့လည်း နယ်နိမိတ်ချင်းထိစပ်နေတဲ့မြို့ဖြစ်ပါတယ်။
By – အမိုး



