မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG ပြော
စစ်ကော်မရှင်က အကော်အထည်ဖော်ဖို့လုပ်နေတဲ့ မြစ်ဆုံစီမံကိန်းရပ်တန့်ရေးအတွက် တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ ပြည်သူလူထုနဲ့သတင်းစကားပြောကြားခြင်း အစီအစဥ်မှာ ဦးနေဘုန်းလတ်က အခုလိုပြောကြား ခဲ့တာဖြစ်ပါတယ်။
“အခုလိုအချိန်မှာ မြစ်ဆုံစီမံကိန်းကိုပြန်စဖို့ကြိုးစားတာဟာ ၎င်းတို့ရဲ့အာဏာတည်မြဲရေးအတွက် နိုင်ငံရဲ့နှလုံးသားကို ထိုးကျွေး လိုက်တာပဲဖြစ်ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးအနေနဲ့ ပြည်သူ့အသံကိုနာခံပြီး ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်များနဲ့ပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအသိပေးပြောကြားလိုပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ချုပ်ဆိုတဲ့ ဘယ်လိုစီးပွားရေးစာချုပ်မဆို အတည်ဖြစ်မှာမဟုတ်ဘဲ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုနဲ့နစ်နာမှုတွေက လည်း စစ်အုပ်စုနဲ့ ရင်းနှီးမြုပ်နှံသူတွေရဲ့တာဝန်သာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဆယ်စုနှစ်တစ်ကြာ လူထုရဲ့ဆန့်ကျင်တာကြောင့် ရပ်တန့်နေတဲ့ မြစ်ဆုံစီမံကိန်းကို အတုအယောင် ရွေးကောက်ပွဲအပြီးမှာ ပြန်လည်စတင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းကိုယ်တိုင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ကချင်ပြည်နယ်ခရီးစဥ်မှာ မြစ်ဆုံစီမံကိန်းစတင်ဖို့ ပြင်ဆင်ထားချက်တွေကို ချပြခဲ့ပြီး ဆောက်လုပ်မယ့်ဆည်ရဲ့အမြင့်ကိုလျော့ချကာ ပြီးခဲ့တဲ့စစ်ကိုင်းငလျင်ထက်ခံနိုင်ရည်ရှိတဲ့ ပမာဏကိုဆာက်လုပ်သွားမယ်လို့သိရပါတယ်။
ဒါပေမဲ့ ကချင်ပြည်နယ်ဒေသခံတွေအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းကပြည်သူတွေကတော့ မြစ်ဆုံစီမံကိန်းပြန်လည်စတင်မှာကို ကန့်ကွက်နေကြဆဲဖြစ်ပါတယ်။
“အရင်ကတည်းက ဒီမြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေကြတာဟုတ်တယ်။ အားလုံး ကန့်ကွက်နေတဲ့ ကြားမှာတော့ စစ်တပ်က စီမံကိန်းအကောင်းအထည်ဖော်နိုင်မယ်လို့တော့ မထင်ဘူး။ ဖြစ်လည်း ဖြစ်မြောက်လာမှာမဟုတ်ပါဘူး။ ဒီမြစ်ဆုံဆိုတာက ကချင်ပြည်နယ်နဲ့ပဲ ဆိုင်တာမဟုတ်ဘူး။ အားလုံးနဲ့ဆိုင်တယ် မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တယ်။ ဒါကြောင့် ဒါကို အားလုံးဝိုင်းဝန်း ကာကွယ်ရမယ်။ ကျမတို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူအားလုံး၊ ကချင်ပြည်သူအားလုံး ဒါကို ဝိုင်းဝန်းကန့်ကွက် ကာကွယ်သွားကြရမယ်။ စည်းလုံးညီညွှတ်စွာ ဝိုင်းကန့်ကွက် ကာကွယ်နိုင်မယ်ဆိုရင်တော့ အောင်မြင်စွာ ကန့်ကွက်နိုင်လိမ့်မယ်”လို့မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်ကော်မရှင်တပ်ကတော့ အပိုင်း ၃ ပိုင်းနဲ့ကျင်းပနေတဲ့ ရွေးကောက်ပွဲအပြီးမှာ မြစ်ဆုံးစီမံကိန်းကိုပြန်စဖို့ ပြင်ဆင် နေတာဖြစ်ပြီး စစ်ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့လုပ်နေတဲ့ လုပ်ငန်းတွေကို ကန့်ကွက်သူမှန်သမျှကို သက်ဆိုင်ရာတည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ကစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီက ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဦးဆောင် အဖွဲ့ကိုဖွဲ့စည်းထားပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းပြီး ဆုံးဖြတ်ချက်အပါအဝင် လုပ်ငန်းများဆောင် ရွက်ဖို့ညွှန်ကြားထားပါတယ်။
By – အမိုး



