တိုက်ပွဲသတင်း

NSCN-K ယုန်းအောင်အဖွဲ့တိုက်ခိုက်ခံရပြီး စခန်းတစ်ခုလက်လွှတ်လိုက်ရဟုဆို 

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့ တကားကျေးရွာဘက်ကို NSCN-K အန်းမိုင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုလည်း လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ဒေသခံများထံမှသိရပါတယ်။

စစ်ကောင်စီတပ်နဲ့ငြိမ်းချမ်းရေးယူထားတဲ့ နာဂလက်နက်ကိုင်အဖွဲ့ NSCN-K အန်းမိုင်း(NSCN-Kမှခွဲထွက်အဖွဲ့ )တပ်ဖွဲ့ဟာ ဇန်နဝါရီလ ၁၂ ရက် ဒီကနေ့ မနက်ပိုင်း တကားကျေးရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး NSCN-K ယုန်းအောင်တပ်ဖွဲ့ရဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိထားကြောင်း ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

မနက် ၆ နာရီခွဲလောက်မှာဝင်သိမ်းသွားတယ်ပြောတယ်။ တကား ရွာမရောက်ခင်တကားနဲ့နမ်ဖာရွာကြားထဲက ၁၈ မိုင်စခန်းပေါ့ အဲ့တာကိုဝင်သိမ်းသွားတာ ဟိုဘက်က(အန်းမိုင်း)အဖွဲ့က အင်အား ၆၀ လောက်နဲ့လာတယ်တဲ့”လို့ NSCN-K ယုန်းအောင်အဖွဲ့နဲ့နီးတဲ့စပ်တဲ့အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ ၂နာရီခန့်ဖြစ်ပြီးတဲ့နောက် NSCN-K ယုန်းအောင်ဘက်က အင်အားမမျှတာကြောင့် စခန်းကနေပြန်ဆုတ်ပေးလိုက်ရကြောင်းအထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ NSCN-K အန်းမိုင်းအဖွဲ့ရဲ့ ခန္တီးအခြေစိုက် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လှုပ်ရှားတပ် Mobile -6 Unit အဖွဲ့က လုပ်ဆောင်ခဲ့တာလို့သိရပြီး NSCN-K ယုန်းအောင်ဘက်က သေဆုံးမှုရှိခဲ့သလို လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းခံလိုက်ရကြောင်းသိရပါတယ်။

NSCN-K အန်းမိုင်းတပ်ဖွဲ့ရဲ့ Facebook Page မှာတော့ ဒီနေ့မနက်လုပ်ဆောင်ခဲ့တဲ့တိုက်ခိုက်မှုဟာ ဇန်နဝါရီ လ ၉ ရက်နေ့က ပန်ဆောင်မြို့နယ်ခွဲရှိ ခမ္မတိုင်ကျေးရွာမှာတပ်စွဲထားတဲ့ NSCN-K အန်းမိုင်းအဖွဲ့ကို NSCN-K ယုန်းအောင်အဖွဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကိုလက်တုံ့ပြန်တာလို့ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့ ခမ္မတိုင်ကျေးရွာမှာ NSCN-K အန်မိုင်းအဖွဲ့တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရှိခဲ့ကြောင်းသိရပါတယ်။

NSCN-K အန်းမိုင်းအဖွဲ့ဟာ လက်ရှိသိမ်းပိုက်ထားတဲ့ ၁၈ မိုင် တပ်စခန်းကနေပြန်လည်ဆုတ်ခွာသွားမှုရှိမရှိမသိရသေးပေမယ့် တကားကျေးရွာဘက်ကို ဆက်ပြီးထိုးစစ်ဆင်နေရင်တော့နှစ်ဖက်တိုက်ပွဲ ပြင်းထန်နိုင်တာကြောင့် တကား၊နမ်ဖာနဲ့အနီးဝန်းကျင်ကကျေးရွာနေပြည်သူတွေစိုးရိမ်နေရကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်နဲ့ငြိမ်းချမ်းရေးယူထားတဲ့ NSCN-Kအန်းမိုင်းအဖွဲ့ဟာ လဟယ်မြို့မှာအခြေစိုက်ပြီး လေရှီး၊လဟယ်ဘက်မှာအဓိကစိုးမိုးထားတာဖြစ်ပါတယ်။

NSCN-K တည်ထောင်သူ ဗိုလ်ချုပ်ခပ္ပလန် ကွယ်လွန်ပြီးနောက် NSCN-K အဖွဲ့ကို ဗိုလ်ချုပ်ယုန်းအောင် ဦးစီးခဲ့ရာ ၂၀၂၃ နှစ်ဆန်းပိုင်းမှာတော့ ဒုဗိုလ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်အန်းမိုင်းက NSCN-K ကနေခွဲထွက်ပြီး NSCN-K (AM) အဖွဲ့သစ်ကို ထူထောင်လိုက်တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button