ကသာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့မီးလောင်နေ
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့သိမ်းတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ရဲ့ ခမရ ၃၀၉ တပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့စွန်ရပ်ကွက်၊ကျေးရွာတစ်ချို့မှာ နေအိမ်မီးလောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကသာမြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ဆို ရက်ပေါင်း ၁၉ ရက်ကြာမြင့်လာပြီဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့ ဒီမနက်ပိုင်းမှာတော့ ခမရ ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကသာမြို့ရဲ့မြောက်ဖက်ရှိ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာရှိနေအိမ်တစ်ချို့ မီးလောင်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။
“ဒီမနက် ၁၁ နာရီလောက်ကနေ ပစ်နေတာ ခုကသာမြို့ မြောက်ဖက် မိုးတားလေးရွာဘက်သွားတဲ့လမ်းမှာရှိတဲ့ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာဘက် အိမ်တွေမီးလောင်နေတယ် မီးခိုးတွေလည်း အလိပ်လိုက်ကိုမြင်နေရတယ်။ ဘယ်လောက်ထိလောင်သွားပြီလဲဆိုတာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။
စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်နေတဲ့ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာတွေဟာ မြို့နဲ့တစ်ဆက်တည်းရှိပြီး ရပ်ကွက်အနေနဲ့ဆို ရပ်ကွက် (၈) ဧရိယာမှာရှိကာ ကသာမြို့တွင်းကနေ ဆိုင်ကယ်နဲ့ ၁၀ မိနစ် ခန့်သွားရတဲ့နေရာမှာရှိတဲ့ ရပ်ကွက်၊ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကြီးကြောင့် နေအိမ်မီးလောင်ဆုံးရှုံးမှုအခြေနေကိုတော့ အသေးစိတ်မသိရသေးသလို ထိခိုက်ဒဏ်ရာရသူရှိ မရှိကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေပြောပါတယ်။
ဒါ့အပြင် ဒီမနက်လက်နက်ကြီးပစ်ခတ်နေတဲ့အချိန်အတွင်းမှာပဲ စစ်တပ်ဘက်က Y8 လေယာဉ်နဲ့ ခမရ ၃၀၉ တပ်ထဲကို ရိက္ခာ၊လက်နက်ခဲယမ်းတွေလည်း ၂ ကြိမ်လာပို့သွားတယ်လို့ သိရပါတယ်။
“ဒီမနက် ခမရ ၃၀၉ ထဲကိုလည်း ရိက္ခာတွေလာချသွားတယ် သူတို့က လေကြောင်းအသုံးပြုပြီး ရိက္ခာ၊လက်နက်ခဲယမ်းတွေသယ်နေတာ။ တိုက်ပွဲက ပစ်လိုက်၊နားလိုက်ပဲ နားတယ်ဆိုတာ ဟိုလိုကြီးနားသွားတာမဟုတ်ဘူး နေ့တိုင်းလိုလိုဖြစ်နေတာ မနေ့ကဆိုတစ်နေ့လုံးပစ်ကြတာဟုတ်တယ်”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ခုလိုပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က အသေခံဒရုန်းအသုံးပြုမှု အလွန်အကျွံသုံးနေပြီး ကသာမြို့အနီးကျေးရွာတွေဘက်ကို လေကြောင်းနဲ့ပစ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တွေလည်းပုံမှန်ရှိနေတဲ့အတွက် ပြည်သူတွေသတိထားနေကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေဆိုပါတယ်။
KNG ရဲ့နောက်ဆုံးရရှိထားတဲ့အခြေနေအရ ကသာမြို့နယ်ရဲ့နောက်ဘက် ကြံတော၊ပြည်သာယာရပ်ကွက်ရှိ ကသာမြို့စောင့်တပ် ခမရ ၃၀၉ တပ်က ခံစစ်ဌာနချုပ်အဖြစ်ခုခံနေသလို ရဲစခန်း၊ထွေအုပ်ရုံးနဲ့ မြို့ပေါ်ရပ်ကွက်
တစ်ချို့ကိုသာ စစ်တပ်ဘက်က ထိန်းချုပ်ထားနိုင်ပြီး မြို့အစွန်ရပ်ကွက်နဲ့ ကျေးရွာတွေဘက်ကိုတော့ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။
ကသာမြို့မှာ ရပ်ကွက် ၁၁ ခု၊ ကျေးရွာ ၂၀၀ နီးပါးခန့်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀,၀၀၀ ကျော်နေထိုင်တဲ့မြို့ဖြစ်ပြီး ခရိုင်ရုံးစိုက်ရာမြို့လည်းဖြစ်သလို ကုန်းကြောင်း၊ရေကြောင်းအချက်ချာကျတဲ့မြို့ဖြစ်ပါတယ်။
ကသာမြို့ ဒေသခံတွေကတော့ ဒီဇင်ဘာလဆန်းပိုင်းမှာ ကသာမြို့သိမ်းတိုက်ပွဲစတင်လာတော့မယ့်အကြောင်း သတင်းတွေထွက်ပေါ်လာချိန်နဲ့ မြို့သိမ်းတိုက်ပွဲစတင်လာချိန်ကစပြီး အများပိုင်းနေရပ်စွန့်ခွာသွားသူတွေရှိသလို မြို့တွင်းရပ်ကွက်တစ်ချို့မှာ ကျန်ရှိသေးတဲ့ပြည်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
NUG အစိုးရ လက်အောက်ခံတပ်များနှင့် ပူးပေါင်းတပ်များက မကြာခဏဆိုသလို အာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကိုင်း– ကချင် အစပ်မှာ တဆက်တည်းရှိနေတဲ့ မော်လူး၊ အင်းတော်၊ ဗန်းမောက်မြို့တွေကိုထိန်းချုပ်ထားပြီး ကသာမြို့ကိုပါ သိမ်းယူဖို့ ဆက်ပြီးထိုးစစ်ဆင် တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။
စစ်ကိုင်း– ကချင်အစပ်ရှိ ကသာမြို့ဟာ ဒုတိယကမ္ဘာစစ်၊ ကိုလိုနီခေတ်က အင်္ဂလိပ်အရေးပိုင်မင်းတွေ ခရိုင်ရုံးစိုက်ခဲ့တဲ့ ခရိုင်မြို့ကြီးဖြစ်ခဲ့သလို ဒီနေ့ထိ နှစ်ရာကျော်ရှိကိုလိုနီအိမ်ကြီးတွေလည်း အများအပြားရှိနေတဲ့အပြင် သမိုင်းဝင်စေတီပုထိုးအဆောက်အဦးတွေများစွာရှိနေတဲ့မြို့လည်းဖြစ်ပါတယ်။
By – Zami



