တိုက်ပွဲသတင်း

ကသာမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေ

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲ ခေတ္တပြန်ငြိမ်သက်ရာကနေ တိုက်ပွဲတွေပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီတပ် ဘက်က လေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်ပြန်လုပ်လာတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းကစလို့ နှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ တိုက်ပွဲဖြစ်သံတွေကိုပြန်ကြားလာရပြီး တိုက်ပွဲစဖြစ်တဲ့နေ့ကစ ဒီကနေ့မနက်ပိုင်းထိ စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်ရှိနေတယ်လို့ ကသာမြို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

စနေနေ့မနက် တစ်မနက်လုံး တအုန်းအုန်း တဒိုင်းဒိုင်းနဲ့ အသေကျဲအသေစော်နေတာ။ စည်ကြီးတီးနေသလိုပါ့။ တိုက်ပွဲတွေ ပြန်ဖြစ်တာက ၃ ရက်လောက်ရှိပြီလို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေဟာ ဒီရက်ပိုင်းအတွင်း ခမရ ၃၀၉ တပ်ရင်းအနီးတစ်ဝှိုက်က ကသာဂေါက်ကွင်း နဲ့ တပ်ဦးဘုန်းကြီးကျောင်းတွေတဝှိုက် နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းအထိတော့ ပစ်ခတ်သံတွေ နည်းသွားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့စစ်အုပ်စုရွေးကောက်ပွဲ အပိုင်း ၁ ကို ကသာမြို့မှာကျင်းပနေချိန် တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုနေရာယူထားတဲ့စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲကရက်သတ္တပတ်ကြာရပ်နားထားပြီး ဒီရက်ပိုင်းမှာပဲ နှစ်ဖက်တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတာဖြစ်ပါတယ်။

ကသာမြို့ ခမရ ၃၀၉ တပ်ရင်းအနီးတစ်ဝှိုက်က ရပ်ကွက်က နေအိမ်တွေကတော့ နှစ်ဖက်တပ်တွေရဲ့ပစ်ခတ်မှုတွေအကြား ထိခိုက် မီးလောင်ပျက်ဆီးတာတွေရှိထားတယ်လို့သိရပါတယ်။

ကသာ ရပ်ကွက် ၈ ဆိုရင် ၃၀၉ နဲ့နီးတဲ့အခါကျတော့ အဲ့ဒီဘက်တွေက များသောအားဖြင့်ပျက်ဆီးမှုတွေများတယ်လို့ ကြားတယ်။ ၃၀၉ နဲ့နီးတဲ့နေရာတွေကတော့ပျက်ဆီးကြတာပေါ့လို့အထက်ပါအမျိုးသားကဆက်ပြောပါတယ်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ ကသာမြို့မှာ မြို့ပေါ် ရပ်ကွက် ၁၀ ခုနဲ့ကျေးရွာအုပ်စု ၃၂ ခုရှိပြီး လူဦးရေ ၁သိန်း၆သောင်း ကျောင်းရှိပြီး ကုန်းလမ်းရော ရေကြောင်းလမ်းအတွက်ပါ အချက်အချာကျတဲ့မြို့ဖြစ်ပါတယ်။

လက်ရှိတော့ ကသာမြို့ခံအများစုဟာ တိုက်ပွဲနဲ့ဘေးလွှတ်တဲ့နေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြပြီး ကသာမြို့ပြင် ဧရာဝတီ မြစ် မြစ်ကမ်းနဘေးကကျေးရွာတွေ၊ မြစ်တစ်ဖက်ကမ်း ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့တွေအပါ အဝင် မန္တလေးမြို့တွေအထိ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကသာမြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်PDF၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နဲ့ နွေဦး တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု SRA တို့ ပူးပေါင်းတိုက်ခိုက်နေတာလို့သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button