ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်ကို စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့ စစ်အင်အားအလုံးအရင်းနဲ့ တစ်ကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။
KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လမြန်ကျေးရွာရဲ့ အနောက်ဘက်ခြမ်း အင်မြန်းခချောင်း(N-Myan Hka)ဘက်ကို ယခုရက်ပိုင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းနဲ့ KIA တပ်တွေ ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်လောက်ကနေ တိုက်ပွဲဖြစ်နေတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ဒီမနက်တိုက်ပွဲဖြစ်နေတဲ့နေရာက လမြန်ရဲ့ အနောက်ဘက်ခြမ်း အင်မြန်းခပတ်ပတ်လည်မှာဖြစ်နေကြတယ်။ ဒီရက်ပိုင်း စစ်တပ်နဲ့ ပြည်သူ့စစ်တွေ စစ်ကြောင်းထိုးလာလို့ လမြန်ဘက် နေရာအနည်းငယ် ရွေ့ပေးလိုက်ရတာရှိတယ်။ ဒါပေမယ့် ဒီကနေ့ မနက်တော့ ဝူယာန်ဘက်ကို ပြန်ပြီး တွန်းလှန်ပေးလိုက်တာရှိတယ်”လို့ပြောပါတယ်။
ဝိုင်းမော်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် ယခုဇန်နဝါရီလထဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လမြန်ကျေးရွာအထက်ပိုင်းကို စစ်ကြောင်းထိုးတက်နိုင်ဖို့ ပြန်လည်လုပ်ဆောင်လာတာဖြစ်ပါတယ်။

ယခုလို စစ်ကြောင်းထိုးလာတဲ့အပေါ် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဆန်းပိုင်းကနေ စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က စစ်ရေးရှုံးနိမ့်နေတဲ့အတွက် ဝိုင်းမော်မှာ တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားက ဆက်ပြီးသုံးသပ်ပြောဆိုပါတယ်။
“ဒီရက်ပိုင်း စစ်တပ်က ဗန်းမော်တိုက်ပွဲမှာ နေရာတစ်ချို့ကို ပြန်လက်လွတ်လိုက်ရတဲ့ဟာတွေရှိတယ်။ အဲဒါကြောင့် စစ်ရေးအားနည်းသွားအောင် ဝိုင်းမော်ဘက်ကို တန်ပြန်ထိုးစစ်လုပ်လာတယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။
နှစ်ဆန်းပိုင်းကနေ ဗန်းမော်တိုက်ပွဲပြင်းထန်လာတာနဲ့အညီ တစ်ဖက်မှာ စစ်တပ်က ဝိုင်းမော် လမြန်ကျေးရွာအထက်ဘက်ကို ထိုးဖောက်နိုင်ဖို့ စစ်ကြောင်းထိုး တိုက်ခိုက်လာတာ တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်တယ်လို့ပြောပါတယ်။
ဝိုင်းမော်လမြန်ကျေးရွာဘက်မှာ ဒီကနေ့ မနက်အစောပိုင်း ၃ နာရီဝန်းကျင်လောက်ကနေ လက်နက်ကြီးအသံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။
“ဒီမနက် ၃ နာရီလောက်ကနေ တိုက်ပွဲသံတွေအကျယ်ကြီးပြန်ကြားရတယ်။ အခု ၁၀ နာရီအထိ ဆက်တိုက်ကြားနေရတယ်။ ဘယ်မှာဖြစ်နေလဲတော့သေချာမသိရဘူး”လို့ပြောပါတယ်။
လမြန်ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဇန်နဝါရီလ ၁၉ ရက်နေ့စကပြီး တန်ပြန်ခုခံတိုက်ခိုက်လိုက်တာကြောင့် ဝူယာန်ကျေးရွာဘက်ခြမ်းကို တပ်ဆုတ်သွားခဲ့တယ်လို့လည်း ဆက်သိရပါတယ်။
စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ၂၀၂၄ ခုနှစ်အတွင်း ဝူယာန်ကျေးရွာအထက် လမြန်ကျေးရွာကနေ ဆဒုံး – ကန်ပိုင်တည် တစ်လျှောက်ကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် ၂၀၂၅ တစ်နှစ်တာလုံး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
လမြန်ကျေးရွာကနေ KIA ဘက်က ပိတ်ဆို့ တိုက်ခိုက်ထားတာကြောင့် စစ်ကြောင်းထိုးဖောက်နိုင်ခြင်းမရှိဘဲ လမြန်ကျေးရွာအနီးတဝိုက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



