သတင်း

ဝိုင်းမော်မြို့မှာ အမျိုးသားတစ်ဦး မြေမြုပ်မှိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အမျိုးသားတစ်ဦး မြေမြုပ်မှိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရှိရပါတယ်။

ဖြစ်စဥ်ကတော့ ဒီမနက် ၁၂နာရီကျော်အချိန်  ဝူယန်ကျေးရွာမှာ အသက် ၅၄ နှစ်အရွယ် ဦးဆုပန်ဆိုတဲ့ အမျိုးသားတစ်ဦး ဟာ အိမ်အပြင် ထွက်ရင်းနဲ့ မြေမြုပ်မှိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် တစ်ခု ပြတ်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲတာက ၁၂နာရီလောက်မှာ ဖြစ်တယ် သွားနင်းမိတာဟုတ်တယ်။ အခုအဲနားမှာဘဲ ဖြစ်နေကြတာ။ လူနာက ခြေထောက်ပြတ်ပြီး လှဲနေပြီလို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီမနက် ၂နာရီ ကျော်အချိန်မှာတော့  မိသားစုဝင်တွေကနေပြီး မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းတွေကို ဆက်သွယ်ခဲ့တဲ့အတွက်  သွားရောက် ကယ်ဆယ် အရေးပေါ်ကုသမှုတွေ ပြုလုပ်ပေးပြီး  မနက် ၃နာရီလောက်မှာတော့   မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကို ပြန်လည် ပို့ဆောင်ခဲ့တယ်လို့  သိရပါတယ်။

လက်ရှိ မြေမြုပ်မှိုင်း အန္တရာယ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလို့ ပြောရလို့ရှိရင် ဝူယန်ကျေးရွာ၊ မဒိန်ကျေးရွာ၊ စန်းကားကျေးရွာ အုပ်စု၊ ခတ်ချိုကျေးရွာ စတဲ့ ကျေးရွာတွေမှာ ပိုအဖြစ်များနေတဲ့အတွက် ဒေသခံတွေအနေနဲ့ သတိထားကြဖို့ လည်း လိုအပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅မေလတုန်းကလည်း ဝိုင်းမော်မြို့မှာ မြေမြုပ်မှိုင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အသက် ၁၀နှစ်ဝန်းကျင်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦးကတော့ ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။

ဒါအပြင် လက်ရှိအချိန်မှာလည်း ဝိုင်းမော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေပူးပေါင်းတပ်တွေအကြား စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲမကြာခဏဖြစ်နေသလို နှစ်ဖက်တပ်အကြား လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြုပ်မှိုင်း ထောင်းထားမှု‌တွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လ ၇ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးနောက်ပိုင်း ဝိုင်းမော်မြို့နယ်တွင်းရှိ ဒေသခံအများပိုင်း နေရပ်စွန့်ခွာသွားပေမယ့် မြန်မာပြည်အောက်ပိုင်းကနေ ဝိုင်းမော်နယ်ဘက် ငှက်ပျောခြံတွေမှာ အလုပ်လာရောက်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေများစွာရှိနေပါတယ်။

ဒါကြောင့် နှစ်ဖက်တပ်အကြား အပြန်အလှန်ပစ်ခတ်ချိန်မျိုး ( သို့မဟုတ်) စစ်တပ်ဘက်က တစ်ဖတ်သတ် ပစ်ခတ်ချိန်မျိုးမှာ ငှက်ပျော်ခြံနဲ့ရွာအတွင်း လက်နက်ကြီးကျပေါက်ကွဲလို့ လက်နက်ကြီးထိမှန်သေဆုံးမှုတွေလည်း ခပ်စိပ်စိပ်ဖြစ်ပွားနေတာကို မြင်တွေ့ ရပါတယ်။

By – Hope

Show More

Related Articles

Back to top button