ရွေးကောက်ပွဲဆိုင်ရာသတင်း

အရပ်သားပြည်သူ ထိခိုက်မှုရှိခဲ့တဲ့ ဖားကန့်ရွေးကောက်ပွဲ

ဖားကန့်မှာ စစ်ကောင်စီ ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနေ့ရက်မှာ နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွေးကောက်ပွဲပြီးဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ တတိယအကြိမ်ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ထဲက တိုက်ပွဲဧရိယာဖြစ်တဲ့ ဖားကန့်မြို့နယ် ပါဝင်ခဲ့ပြီးတော့ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ တစ်ရက်လုံး လက်နက်ကြီးသံတွေ နဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ ၂၄ ရက်နေ့ ညမှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဖားကန့်ဗျူဟာကုန်းကို လက်နက်ကြီး နဲ့ လှမ်းပစ်တယ်။ အဲ့လိုပဲ စစ်တပ်ဘက်ကလည်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဆိုင်းတောင်ဘက်ကို ပစ်တယ်။ ၂၅ ရက်နေ့မှာ တစ်ရက်လုံးမှာလည်း တောက်လျှောက် ပစ်ကြတယ်။ အဲလိုနဲ့ မဲထည့်ကြမယ့် အနေအထားကလည်း လုံးဝမဖြစ်နိုင်တော့ဘူးပေါ့။ ညနေပိုင်းမှာ လူမှုအရေးအသင်းအဖွဲ့တွေ လူနာပို့ရတဲ့စာရင်းအရ စုစုပေါင်း ၉ ဦးရှိခဲ့တယ် လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

စစ်ကောင်စီ တန်ပြန်ပစ်ခတ်တဲ့  ၁၂၀ မမ လက်နက်ကြီးကြောင့် ဖားကန့်မြို့ပေါ်မှာ ၆ ဦး၊ အေးမြသာယာအုပ်စု တောင်ပြိုကျေးရွာက တစ်ဦး၊ ဆိုင်းတောင်(ဆိပ်မူ) ရွာရပ်ကွက်()က အမျိုးသမီး ၂ ဦး စုစုပေါင်း ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အရပ်သားပြည်သူ ထိခိုက်မှုရှိခဲ့တဲ့အပြင် လက်နက်ကြီးကျမှန်ခဲ့တဲ့ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ပြောပါတယ်။

ဖားကန့်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ သတိပေးပြောဆိုထားတာတွေရှိခဲ့သလိုစစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ပြည်သူလူထုတစ်ချို့လည်း စစ်တပ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ မကြာခဏ လုပ်ဆောင်ခဲ့ပါတယ်။

ပြီးဆုံးသွားပြီဖြစ်တဲ့ ဖားကန့်ဒေသ ရွေးကောက်ပွဲကို စစ်တပ်က ဗျူဟာကုန်းပတ်လည်ရှိ မြို့ပေါ် ရပ်ကွက် ၅ နေရာမှာသာ မဲရုံထောင်ပြီး ပြင်ဆင်ထားခဲ့ပေမယ့် အပြည့်အဝ မကျင်းပနိုင်ခဲ့ဘူးလို့ ဖားကန့်ဒေသ အမျိုးသားတစ်ဦးက ဆက်ဆိုပါတယ်။

ဗျူဟာကုန်းကလည်း မြို့လယ်မှာရှိတဲ့ မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက် ၊ အေးမြသာယာရပ်ကွက်၊ မှော်ဝမ်းရပ်ကွက်တွေဖြစ်တယ်။ ဒီရပ်ကွက်တွေရဲ့ စာသင်ကျောင်းတွေမှာ မဲရုံတွေထားတယ်။ အဲဒီနေရာတွေမှာ စစ်သားတွေ အလုံးရင်းထားတယ်။ မရှီကထောင်မပါပဲ အခုပြောတဲ့ ရပ်ကွက် ၄ ခုမှာလုပ်တယ်။ ဒါပေမယ် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခံရတယ်။ ပြည်သူတွေက မဲထည့်ဖို့အရေး အပြင်တောင်မထွက်နိုင်ဘူး။ မဲလာထည့်တဲ့ သူတွေလည်းမရှိဘူး။ပြောရရင် မအောင်မြင်ပဲနဲ့ ပြီးဆုံးသွားတယ်။ မဲရုံစောင့်တဲ့ ဝန်ထမ်းတွေတောင် ဗုံးခိုကျင်းတွေနဲ့ ပုန်းရှောင်ခဲ့ရတယ် လို့ ပြောပါတယ်။

မဲရုံတွေမှာ တာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေလည်း ဗုံးခိုကျင်းတွေထဲမှာ ပုန်းခိုနေရပြီး မဲလာထည့်တဲ့ ပြည်သူတစ်ချို့ကလည်း စစ်တပ်လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ လူတစ်စု တစ်ချို့လောက်သာ မြင်တွေ့ရသလောက်ရှိတယ်လို့ ပြောပါတယ်။

ဖားကန့်ပြည်သူတွေရဲ့ ပြောဆိုချက်အရ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ည ကတည်းကနေ ရွေးကောက်ပွဲကျင်းပတဲ့ ၂၅ ရက်နေ့ တစ်ရက်လုံး လက်နက်ကြီးသံတွေ ဆူညံပွက်လောရိုက်ခတ်မှုတွေနဲ့ ဖြတ်ကျော်ခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့ပေါ် ရပ်ကွက်တွေမှာ အတုအယောင်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်တပ်ရှိတဲ့ မြို့တွင်းနေရာက လမ်းတံတားအားလုံးကို ဇန်နဝါရီလ ၂၃ ရက်နေ့ သွားလာခွင့်တွေ ပိတ်ဆို့လိုက်ပြီး အရေးပါတဲ့ လမ်းကြောင်းနေရာတွေမှာ လုံခြုံရေးတင်းကြပ်ခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲအပြီးမှာတော့ ဖားကန့်မြို့နယ်ရဲ့ မဲရလဒ်ဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် စတဲ့ လွှတ်တော် သုံးရပ်စလုံးကို ကြံ့ခိုင်ရေးပါတီ USDP က အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

ကချင်ပြည်နယ်ထဲ တတိယအကြိမ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဖားကန့် ၊ မံစီ၊ မိုးမောက်၊ ရွှေကူ စတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားခဲ့ပေမယ့် မံစီနဲ့ မိုးမောက် စတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သလို ဖားကန့် နဲ့ ရွှေကူ နှစ်ခုသာ ကျင်းပနိုင်ခဲ့ပါတယ်။

Show More

Related Articles

Back to top button