တိုက်ပွဲသတင်း

တနိုင်းနဲ့ ဝိုင်းမော်မြို့မှာ တိုက်ပွဲဆက်ပြင်းထန်နေ

ကချင်ပြည်နယ်ထဲက KIA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တနိုင်းပယင်းမှော်ဒေသနဲ့ ဝိုင်းမော်မြို့နယ်တွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးတိုက်ခိုက်နေတာကြောင့် နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲ​ပြင်းထန်နေဆဲဖြစ်တယ်လို့ မှော်မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။

ပယင်းနဲ့ ရွှေမှော်ဒေသဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ( တပ်ရင်း (၁၄နယ်မြေထဲက ရေကန်တောင်နဲ့ ဝိုင်လော(Oi Law)မှော် တပ်စခန်း နှစ်ခုကို KIA ဘက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲ လက်လွတ်လိုက်ရတာဖြစ်ပါတယ်။

အဲဒီတပ်စခန်းနှစ်ခုကို ပြန်လည်ရယူဖို့အတွက် KIA ဘက်က ဇန်နဝါရီလ ၂၇ ရက်နေ့ စတင်တိုက်ခိုက်နေရာ ဒီကနေ့ ၂၈ ရက်နေ့အထိ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ပယင်းမှော်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

တိုက်ပွဲပြန်ပြင်းထန်နေတာဟုတ်တယ်။ ဝိုင်လောတပ်ကို KIA ဘက်က ပြန်ရပြီလို့တော့ကြားတယ်။ ရေကန်တောင်က ကျန်သေးတယ်တဲ့။ ဒီကနေ့  နာရီလောက်ကနေ သေနတ်သံတွေ ပြန်ကြားနေရပြီလို့ပြောပါတယ်။

KIA ဘက်က  ဝိုင်လော(Oi Law) စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းအရင်းအမြစ် ပြောပြပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် အတည်ပြုနေဆဲဖြစ်ပါတယ်။

ဝိုင်လောနဲ့ ရေကန်တောင် KIA တပ်စခန်းနှစ်ခုကို မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့နောက်ပိုင်း စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် လက်လွတ်လိုက်ရတာဖြစ်ပါတယ်။

ပယင်မှော်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာ တစ်လခန့်ကြာမြင့်လာခဲ့ပြီး တနိုင်းမြို့ပေါ်ထဲကို ထွက်ပြေးတိမ်းရှောင်နေတဲ့ မှော်ပြည်သူတွေလည်း စစ်ရှောင်ကာလကြာမြင့်လာတဲ့အတွက် တိုက်ပွဲတွေရပ်တန့်ပေးဖို့ တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

အလားတူ ဝိုင်းမော်မြို့နယ်ထဲမှာလည်း KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်နေရာယူထားတဲ့ လမြန်ကျေးရွာဘက်ကို ဦးတည်ပြီး စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့အတွက် လမြန်၊ မိုင်းနားကျေးရွာအနီးတဝိုက် ထိတွေ့တိုက်ပွဲဆက်ရှိနေသေးတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

ဝိုင်းမော်မှာလည်း တိုက်ပွဲတွေရှိပါတယ်။ မနေ့က ဆိုရင်လည်း မိုင်းနားဘက် ထိတွေ့တိုက်ပွဲဖြစ်တယ်။ စခန်းတွေလက်လွတ်လိုက်ရတယ်ဆိုတာက မရှိသေးသလို ကြားလည်း မကြားမိပါဘူး။ သုံးရက်လောက်က ကြာပြီ ရှေ့တန်းစခန်းငယ်တစ်ခုက လွတ်ပေးလိုက်ရတယ်တဲ့။ အဲ့ဒါလည်း ပြန်ရပြီလို့တော့ကြားပါတယ်လို့ပြောပါတယ်။

ဝိုင်းမော်မြို့ထဲမှာလည်း နှစ်ဆန်းပိုင်းအတွင်းကနေ နှစ်ဖက်တပ်တိုက်ပွဲပြန်လည်ပြင်းထန်နေတာဖြစ်ပြီး KIA တပ်စခန်းတစ်ချို့ပြန်လည် လက်လွတ်လိုက်ရတယ်လို့ စစ်တပ်ထောက်ခံတဲ့ သတင်းဌာနတွေမှာ ဖော်ပြနေတာတွေ့ရပါတယ်။

ဒါပေမယ့် ဝိုင်းမော်မြို့နယ်ထဲမှာ လက်လွတ်လိုက်ရတဲ့ KIA တပ်စခန်းတွေမရှိသေးပါဘူးလို့ ဗိုလ်မှူးကြီးနော်ဘူဆက်ဆိုပါတယ်။

၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းကနေ ကချင်ပြည်နယ်ထဲက တနိုင်း၊ ဝိုင်းမော်စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲပြင်းလျက်ရှိနေပြီး တစ်နှစ်ကျော်ခန့် မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button