တိုက်ပွဲသတင်း

ထီးချိုင့်မြို့သိမ်းတိုက်ပွဲပြန်လည်စတင်

စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်အစောပိုင်း ၅ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲစတင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့နီးစပ်သူတွေကပြောပါတယ်။

ထီးချိုင့်တံတားတစ်ဝှိုက်နဲ့ ထီးချိုင့်မြို့ပေါ်နေရာတချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး နောက်ဆုံးသိရတဲ့စစ်ရေးအခြေနေကို ထီးချိုင့်ခံအမျိုးသားတစ်ဦးကပြောပြပါတယ်။

“ထီးချိုင့်ပြန်စနေပြီနော်။ မနေ့ကမနက် ၅ နာရီလောက်ကစတာ။ မနေ့ကညနေအထိအသံတွေဆူနေပေမဲ့ အခုချိန်ထိငြိမ်နေ သေးတယ်။ အထိအခိုက်လည်းမသိရသေးဘူ။ တံတားဝန်းကျင်ကိုအဓိကတိုက်နေတာဗျ။ မြို့ထဲနေရာတချို့တွေလည်းရှိတယ်”လို့ပြောပါတယ်။

လုံခြုံရေးအခြေနေအရ တိုက်ပွဲအခြေနေအသေးစိတ်ကို ပြောပြဖို့အတွက် သတင်းရင်းမြစ်ကငြင်းဆိုပြီး မြို့သိမ်းတိုက်ပွဲစတင်တာ မှန်ကန်ကြောင်းတော့အတည်ပြုပါတယ်။

လက်ရှိမှာတော့ ထီးချိုင့်မြို့တွင်းနေထိုင်တဲ့ဒေသခံတွေနဲ့ မြို့အနီးဝန်းကျင်ကရပ်ကွက်တွေ၊ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရပြီး တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထီးချိုင့်မြို့နယ်အတွင်း အင်တာနက် အသုံးပြုခွင့်ကိုကန့်သတ်ထားတယ်လို့သိရပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ထီးချိုင့်မြို့ တံတားနဲ့ ၄ ရွာလောက်ပဲခြားပြီး ဆိုင်ကယ်နဲ့သွားရင် မိနစ် ၂၀ ကျော်ဝန်းကျင်သာဝေးတဲ့ ကသာမြို့ဒေသခံတွေကတော့ တိုက်ပွဲသံတွေကြားနေရတဲ့အကြောင်း အခုလိုပြောပြပါတယ်။

“တအုန်းအုန်းတဒိုင်းဒိုင်းနဲ့ကိုကြားနေရတာ။ ထီးချိုင့်မြို့ပေါ်မှာထင်တယ်။ မနေ့ကတည်းကနဲ့ညကတည်းကတစ်ညလုံးပဲ။ ဒီနေ့ မနက်အထိ တအုန်းအုန်းတဒိုင်းဒိုင်းနဲ့ ကျနော်တို့ကြားတာတော့ ထီးချိုင့်ကစပြီးပစ်နေပြီလို့ကြားတာပဲ။”လို့ ကသာမြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။

ထီးချိုင့်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နိုဝင်ဘာလအစောပိုင်းကလည်း တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲအဖြစ် မြို့ကို ဝင်တိုက်ခဲ့ပြီး မြို့ရဲ့နေရာအတော်များများကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့ စစ်ကော်မရှင်ရဲ့ သာလွန်တဲ့လေကြောင်းအင်အားနဲ့ တိုက်ခိုက်မှု  တွေအပြင် ရည်ရွယ်ချက်ရှိရှိနေအိမ်မီးရှို့ဖျက်ဆီးတာတွေကြောင့် မြို့လုံးကျွတ်နီးပါးပျက်ဆီးခဲ့ရတာပါ။

အဲ့ဒီလိုနဲ့ မြို့သိမ်းတိုက်ပွဲတစ်နှစ်ကျော်အကြာမှာရပ်နားခဲ့ရတာယနေ့အထိဖြစ်ပြီး ကြားထဲမှာမကြာခဏထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပါတယ်။

တစ်ဖက်မှာ အဆိုပါ ပထမအကြိမ်မြို့သိမ်းတိုက်ပွဲကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အရပ်သားတွေဟာလည်း ယနေ့အထိ ဘေးလွှတ်ရာတွေမှာတိမ်းရှောင်နေကြဆဲဖြစ်ပြီး မြို့တွင်းကျန်နေတဲ့အရပ်သားတွေနဲ့ မြို့အနီးတစ်ဝှိုက်နေထိုင်တဲ့ ဒေသခံတွေဟာ လည်း ဒီရက်ပိုင်းမှာပြန်လည်တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နဲ့ ကပ်လျှက်မှာတည်ရှိတဲ့ ကသာမြို့မှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ မြို့သိမ်း တိုက်ပွဲပြင်းထန်နေတာဒီနေ့အထိဖြစ်ပြီး ကသာမြို့ခံအများစုဟာဘေးလွှတ်ရာတွေကိုထွက်ပြေးနေကြရတာ တစ်လကျော်ရှိလာပြီ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ကို ကုန်းလမ်းကြောင်းအနေနဲ့ မန္တလေး-ဗန်းမော်လမ်း၊ မန္တလေး-မြစ်ကြီးနားလမ်းဟာ ထီးချိုင့်မြို့ကိုဖြတ်သွားရ တာဖြစ်ပြီး တစ်ဖက်မှာ မန္တလေး-စစ်ကိုင်း-ဗန်းမော် ရေလမ်းကြောင်းအတွက်လည်း အဓိကနေရာမှာရှိနေတဲ့ ထီးချိုင့်မြို့ဟာ နှစ်ဖက်တပ်တွေအတွက် စစ်ရေးအရအလွန်အရေးပါတဲ့နေရာလို့ စစ်ရေးနိုင်ငံရေးလေ့လာသူတွေကဆိုကြပါတယ်။

By – အမိုး

Show More

Related Articles

Back to top button