မြစ်ကြီးနားမြို့မှာ နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီမနက်က နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှု ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။
ဖြစ်စဉ်ကတော့ ဒီမနက် ၈နာရီ မိနစ်၂၀ ဝန်းကျင်အချိန် မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးနားက နှစ်ထပ်အိမ် တစ်ခုမီးလောင်မှု ဖြစ်ခဲ့ပြီးဆိုင်ကယ်၂စီးနဲ့အတူ အိမ်တစ်ခုလုံး လောင်ကျွမ်းသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။
“ပါတာတော့ တစ်အိမ်လုံးနီးပါး ပါသွားတာပေါ့။ ငြိမ်းရတာကတော့ ၂နာရီကျော်လောက်ဘဲနေမှာပါ။ ဘာလို့လဲဆိုတော့ မီးသတ်ကားတွေလည်း အများကြီးပါတာ မို့လို့လေ”လို့ဆိုပါတယ်။
မီးသတ်ကားတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့ ၂နာရီဝန်းကျင်ကြာ ပူးပေါင်း မီးငြိမ်းသတ်ခဲ့ပြီး ထိခိုက်သေဆုံးသူတော့ မရှိဘူးလို့ သိရပါတယ်။

ဒါအပြင် မီးစတင်လောင်ကျွမ်းရတာဟာ ပါဝါဘဏ်ကတစ်ဆင့် ဖြစ်တယ်လို့ ပြောကြားမှုတွေ ရှိနေပေမယ့်လည်း သေချာအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
KNG ကနေ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရတော့ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်မှာ မီးလောင်ကျွမ်းမှု ၅ကြိမ် ဖြစ်ပွားခဲပြီး သေဆုံးသူတစ်ဦးရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီအချက်အလက်တွေဟာ လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ မြစ်ကြီးနားဒေသခံတွေရဲ့ ပြောကြားချက်အပေါ်မူတည်ပြီး ကောက်ယူရရှိထားတာ ဖြစ်တဲ့အတွက် မြေပြင်အခြေအနေနဲ့ကတော့ ကွဲလွဲမှုတွေရှိနိုင်ပါတယ်။
စစ်ကောင်စီအောက် မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၂ဝ၁၃ ခုနှစ်ကနေ ၂ဝ၂၂ ခုနှစ်အထိ ၁ဝ နှစ်တာကာလအတွင်း မီးလောင်မှုပေါင်း ၁၈၃၃၆ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်စဉ်မီးလောင်မှုအကြိမ်ရေ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် အကြိမ်ရေ ၁၈ဝဝ ခန့်ဖြစ်ပွားပြီး နှစ်စဉ်ကျပ် ၁၅ ဘီလီယံခန့် ဆုံးရှုံးလျက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးလောင်မှု ၉၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇၆ ဦး သေဆုံးခဲ့ကာ မီးလောင်မှု ဖြစ်စဉ် အများစုကတော့ လျှပ်စစ်မီး၊ ပေါ့ဆမီးနဲ့ မီးဖိုမီးတွေ ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
By – Hope



