နမ့်ဖတ်ကာမှာ လက်ကျန်ဗုံးတီးဆော့ကစားရာကနေ ကလေးတစ်ဦး သေဆုံး၊ ၃ ဦးဒဏ်ရာရ
ရှမ်းမြောက် နမ့်ဖတ်ကာမြို့မှာ ကလေးငယ် ၄ ဦး လက်ပစ်ဗုံးဆော့ကစားရင်း ပေါက်ကွဲလို့ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၂ နာရီဝန်းကျင်မှာ နမ့်ဖတ်ကာမြို့ရပ်ကွက် ၃ ရှိ မိသားစုနေအိမ် ၂ အိမ်မှ ကလေးငယ် ၄ ဦး လက်ပစ်ဗုံးဆော့ကစားရင် ပေါက်ကွဲတဲ့ဖြစ်စဉ်မှာ တစ်ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
“ဗုံးတီးကိုဘယ်ကနေ ယူလာတယ်ဆိုတာတော့ အတိအကျမသိဘူး။ သူတို့အိမ်ဘေးပတ်ဝန်းကျင်မှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေပုံမှန်တော့ရှိတယ်။ အိမ်ယူလာပြီးအိမ်ရှေ့မှာဆော့ကစားရင်း ပေါက်ကွဲကြတာဟုတ်တယ်။ အားလုံးကတရုတ်ကလေးတွေပဲ မိသားစုတွေဟုတ်တယ်။ ကလေးတစ်ယောက်ကဒဏ်ရာတော်တော်ပြင်းလို့ ဆုံးသွားပြီ”ဟု နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ထိခိုက်သေဆုံးခဲ့တဲ့ ကလေးငယ်တွေဟာဝမ်းကွဲမောင်နှမတွေဖြစ်ပြီး ကလေး ၄ ဦးစလုံးက အသက် ၅ နှစ် မှ ၁၀နှစ်ကြားဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ လက်နက်ဗုံးတီးပေါက်ကွဲတဲ့ကလေးတွေရဲ့ အိမ်နားမှာ ကိုးကန့်တပ်ဖွဲ့စခန်းတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒဏ်ရာပြင်းထန်တာကြောင့် ကလေးတစ်ဦးသေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိထားတဲ့ ကျန် ၃ ဦး လက်ရှိသိန္နီဆေးရုံမှာ ဆေးကုသနေတယ်လို့ ဆိုပါတယ်။
ကလေးငယ်အားလုံးက ယောင်္ကျားလေးတွေဖြစ်ပြီး သေဆုံးသွားတဲ့ကလေးငယ်ကို မနေ့ည ဆေးရုံကနေ အိမ်ပြန်ခေါ်လာတာဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက် ဒီနေ့ မီးရှို့သင်္ဂြိုဟ်မှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ရွာကလူကြီးတွေ၊ သက်ဆိုင်ရာတွေ တာဝန်ယူပြီးမေးမြန်းစစ်ဆေးနေတာတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က နမ့်ဖတ်ကာ မနောင်ယာန်မှာလည်း နေအိမ်တစ်အိမ်အတွင်း လက်ကျန်မိုင်းကိုဖြုတ်ရင်း ပေါက်ကွဲလို့အမျိုးသား ၂ ဦး ပွဲချင်းပြီး အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။
နမ့်ဖတ်ကာမှာ တိုက်ပွဲအပြီး စစ်ကျန်လက်နက်၊ မိုင်းလက်ကျန်တွေကိုဆော့ကစားရင်း ပေါက်ကွဲမှုကြောင့် ကလေးငယ်တွေ ထိခိုက်မှု၊အသက်သေဆုံးမှု ဖြစ်စဉ်မကြာခဏဖြစ်ပွားလျက်ရှိနေတာဖြစ်ပါတယ်။
“KIO/KIA အစိုးကတော့ မိုင်းရှင်းလင်းရေးကို လုပ်ဆောင်နိုင်သလောက်လုပ်ထားသင့်သလောက်တော့ လုပ်ထားပြီဟုတ်တယ်။ဒါပေမဲ့တပ်စခန်းတွေနဲ့နီးတဲ့နေရာဝန်းကျင်တွေမှာတော့ ရှင်းလင်းဖို့ကျန်နေသေးတာတွေရှိတယ်။ မိုင်းအန္တရာယ်သတိပေးချက်တွေချက်တွေကိုလည်း အစိုးရတွေရော အဖွဲ့အစည်းတွေရောပညာပေး၊ သတိပေးတာမျိုးတွေလည်းရှိတယ်။ အခုရွာမှာများသောအားဖြင့်က တရုတ်ကလေးတွေ အဓိကဖြစ်ကြတာကိုတွေ့ရတယ်” လို့ ဒေသခံတစ်ဦး ပြောပါတယ်။
မိုင်းအန္တရာယ်သတိပေးချက်နဲ့ပတ်သက်ပြီ ဒေသခံပြည်သူလူထုကိုအကြောင်းကြား သတိပေးတာတွေ ၊ စာသင်ကျောင်းတွေနဲ့ဘော်ဒါဆောင်တွေမှာ သတိပေးချက် ဟောပြောတာတွေကိုသက်ဆိုင်ရာအစိုးရနဲ့ အဖွဲ့အစည်းတွေ လက်တွဲပြီးလုပ်ဆောင်တာမျိုးတွေတော့ ရံဖန်ရံခါ ပြုလုပ်လျက်ရှိတယ်လို့ ဆိုပါတယ်။
KNG စုံစမ်းရရှိတဲ့ အချက်အလက်အရ နမ့်ဖတ်ကာမြို့မှာ တိုက်ပွဲအပြီး ၂နှစ်တာကာလအတွင်း မိုင်းကျန်လက်နက်၊ ဗုံးကျန်လက်နက်တွေပေါက်ကွဲမှု
ဖြစ်စဉ် ၆ ကြိမ် ဖြစ်ပွားခဲ့ပြီဖြစ်ပြီး ထိခိုက်၊သေဆုံးသူ စုစုပေါင်း၁၆ ဦးရှိပြီဖြစ်ပါတယ်။ ထိခိုက်၊ သေဆုံးသူ စုစုပေါင်း ၁၆ ဦးထဲမှာကလေးငယ် ၉ ဦး ရှိတယ်လို့ သိရပါတယ်။
ရှမ်းမြောက် နမ့်ဖတ်ကာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ၂၀၂၄ခုနှစ် နှစ်ဆန်းပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးမြို့အဆင့်မြင့်တင်ကာ အုပ်ချူပ်ရေးယန္တရားလည်ပတ်နေတာ ၂နှစ်နီးပါးရှိပြီဖြစ်ပါတယ်။
နမ့်ဖတ်ကာမှာ KIA အပြင် ကိုးကန့် MNDAAတပ်ဖွဲ့၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့လည်းအစိုးရဆိုင်ရာ ဌာနတွေအပါအဝင် တပ်စခန်းချနေတာဖြစ်ပါတယ်။
By – ဂျာဘောက်ရာ



