လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဖားကန့်မှာ လူငယ်နှစ်ဦးမိုင်းထိပြီး ပွဲချင်းပြီးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ရေးကြောင့် ပိတ်ထားတဲ့လမ်းကနေဖြတ်လာတဲ့ လူငယ်နှစ်ဦး မိုင်းထိပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံများထဲမှ သိရပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ ဒီမနက် ၁၀ နာရီခွဲဝန်းကျင်မှာ ဖြစ်သွားတာလို့ ဖားကန့်မြို့မှာနထိုင်တဲ့ အမျိုးသားတစ်ဦး ပြောပါတယ်။

အဆိုပါလမ်းဟာ ဆန်းကြွယ်ကျေးရွာမှ ဖားပြင်ကျေးရွာသွား ဉရုချောင်းလမ်းဘေးသွားလမ်းဖြစ်ပြီး တိုက်ပွဲအခြေအနေကြောင့် ပိတ်ထားတာ သုံးလခန့်ကြာပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလမ်းကသွားမရဘူးလေ ဘယ်လိုဖြစ်လို့သွားကြလဲမသိဘူး။ ပွဲချင်းပြီးပဲလို့ ဖားကန့်မြို့နေ ပြည်သူတစ်ဦး ပြောပါတယ်။

သေဆုံးသွားတဲ့ လူငယ်နှစ်ဦးဟာ အသက် ၂၀ ဝန်းကျင်ရှိပြီး ဆိုင်ကယ်နဲ့ဖြတ်လာစဉ် မိုင်းထိသွားတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

မိုင်းထိလို့ သေဆုံးသွားသူတွေဟာ မည်သူမည်ဝါဖြစ်ကြာင်း မသိရသေးဘူးလို့ သိရပါတယ်။

ဖားကန့်မှာ ဇန်နဝါရီလ ၃၀ ရက်ညကစပြီး တိုက်ပွဲတစ်ဖန်ပြန်လည်ဖြစ်နေပြီး နှစ်ဖက်တပ်အကြားတိုက်ပွဲကြောင့် လက်နက်ကြီးကျည်ထိမှန်တဲ့ အရပ်သား ၂၀ ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့မှာလည်း စစ်တပ်က တိုက်ပွဲနေရာဘက်ကို လေကြောင်းပစ်ခတ်မှု ၇ ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ်ထဲက KIA သိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုပြန်ရဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button