“ထမ်းငေါ့တောင်သို့”
၆၅ နှစ်မြောက်ကချင်တော်ရေးနေ့ ဂုဏ်ပြုသောအားဖြင့် ရိုးရာမနောင်ပွဲကျင်းပခဲ့တဲ့ ပုံရိပ်တစ်ချို့ဖော်ပြလိုက်သည်

ယနေ့သည် အဖိနှပ်ခံဘဝမှလွှတ်မြောက်ဖို့၊ တန်းတူအခွင့်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အတွက် ၁၉၆၁ ခုနှစ်တွင် စတင်ခဲ့သည့်ကချင်အမျိုးသားတော်လှန်ရေးခရီး ၆၅ နှစ်မြောက်ခဲ့ပြီဖြစ်သည်။
ကချင်တိုင်းရင်းသားတို့၏ သမိုင်းများနှင့်ပြည့်နှက်နေသည့် ထမ်းငေါ့တောင်ပေါ်တွင် ပြီးခဲ့သည့် ၂၀၂၅ ဖေဖော်ဝါရီလ ၅ ရက်နေ့က ကချင်တော်လှန်ရေးနေ့ ၆၄ နှစ်မြောက်နှင့် Office Of Kachin Foreign Affairs Camp နှစ် ၅၀ ပြည့် ရိုးရာမနောင်ပွဲကျင်းပခဲ့ကြ သည့် ပုံရိပ်များကို အမှတ်တရအဖြစ်ပြန်လည်ဖော်ပြခြင်းဖြစ်သည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA Kachin Independence Army ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရှမ်းပြည်နယ်၊လားရှိုးမြို့တွင် ပြုလုပ်ခဲ့သည့် KIC အစည်းအဝေးတွင်ဖွဲ့စည်းခဲ့ပြီး ထိုနေ့ကို ကချင်တော်လှန်ရေးနေ့အဖြစ်
သတ်မှတ်ခဲ့သည်ဟု ရှယ်လီဆိုင်း ၏ ကျမနှင့်တော်လှန်ရေးခရီးစဥ် စာအုပ်တွင်ရေးသားထားသည်။

မနက်နေမထွက်ခင် နိုးစက်သံကြောင့် လန့်နိုးလာသည်။ ရုတ်တရက်လန့်နိုးလျှင် စိတ်မကြည် အိပ်ရေးမဝတတ်သည့်ကျနော် ငေါက်ကနဲ ချက်ချင်းထလို့ ခရီးအတွက် ပြင်ဆင်ရသည်။

ဖြတ်လာသည့်လမ်းတစ်လျှောက် ချယ်ရီခေါ်မလား ဆာခူရာခေါ်မလား ချယ်ရီခေါ်ခေါ် ဆာခူရာခေါ်ခေါ် နွေဦးကြောင့် ကြွေစပြုနေပေမဲ့ လှရက်နေသည်။

နွေဦးဖြစ်လို့ အအေးပေါ့မည်အထင်ဖြင့် အနွေးထည်ထူထူမယူလာခဲ့။ ခံနိုင်လောက်သည့် အအေးဖြစ်သော်လည်း တောင်လျှိုကြားဝင်လိုက်သည်နှင့် အမိုးပွင့်ကားနောက် လိုက်လာသဖြင့် အအေးဒဏ်ကိုအံတုနေရသည်။

တောင်လျှိုကြားက ကွေ့ကောက်ကောက်ကတ္တရာလမ်းကောင်းများကို ၄၅ မိနစ်ကြာ ကားစီးပြီး မကြာခင်တွင် တောင်ပေါ်ခရီး အစပြုရသည်။

ပုံတွင်တွေ့ရသူ အဘိုးမှာ အသက် ၇၄ နှစ်ရှိပြီဖြစ်သည်။ မိနစ် ၂၀ ဝန်းကျင်ခန့်တက်ရ သည့် တောင်ပေါ်ခရီးတစ်လျှောက်လုံး ကချင်ဘာသာဖြင့် ထမ်းငေါ့တောင်တွင် စခန်းချ နေထိုင်ခဲ့စဥ်ကအမှတ်တရများကိုပြန်လည်ရှင်းပြသည်။

အဘိုးပြောပြသဖြင့် ထမ်းငေါ့တောင်သို့ ရောက်ခဲ့သည်မှာ သူတို့ပဲမဟုတ် တခြားသော တိုင်းရင်းသားလက်နက်ကိုင် တချို့လည်းပါဝင်ခဲ့ကြောင်း သိခွင့်ရသည်။

တောင်ပေါ်ခရီးအတူလိုက်လာသူများသည် ထမ်းငေါ့တောင်နှင့် ကချင်တော်လှန်ရေး သမိုင်းတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြသူများဟု သူတို့ပြောပြသဖြင့်ကျနော်သိရသည်။

၁၉၆၅ ခုနှစ်က ပြည်ပနိုင်ငံခြားဆက်ဆံရေးအဖြစ် KIO/KIA ကိုစတင်တည်ထောင်သူ ဗိုလ်ချုပ် GOC Lahtaw Zau Seng နှင့်အတူ ထိုင်းနိုင်ငံသို့ရောက်လာကြပြီး ကချင်တော်လှန်ရေးတွင်ပါဝင်ခဲ့သော သက်ရှိထင်ရှားရှိနေသေးသည့် ရဲဘော်ဟောင်းများ။

“အခုဒီတစ်ခေါက်တော့ တစ်နိုင်ငံလုံးရဲ့လှုပ်ရှားမှုတွေပါလာတော့ အဲ့တာကအားရစရာ။ ဒါပေမဲ့ အဖွဲ့အစည်းက အများကြီး ပေါ်လာပြီ။ အဖွဲ့အစည်းတိုင်းက လက်နက်ရှိတယ်။ လက်နက်ကိုင်တဲ့ အဖွဲ့တိုင်းက စုစုစည်းစည်းတော်လှန်မှ ကျနော်တို့ တော်လှန်ရေး အောင်မြင်မယ်။ ကျနော်တို့တော်လှန်ရေးမအောင်မြင်ခင်မှာ ကျနော်တို့က လက်နက် ကိုင်ပြီးမှ တစ်ဖွဲ့နဲ့ တစ်ဖွဲ့အားချင်းပြိုင်တဲ့သဘောတွေပြန်ပေါ်လာမယ်ဆိုရင် စကစရဲ့ အကွက်ထဲမှာ ကျနော်တို့မိသွားမယ်။”
ထန်းငေါ့တောင်စခန်း OKFA Camp မှ ရဲဘော်ဟောင်း ဦးခေါင်ဟောင်းက နွေဦးတော်လှန်ရေးအပေါ်မှတ်ချက်ပေးသည်။

KIO/KIA ကိုစတင်တည်ထောင်သူ ဗိုလ်ချုပ် GOC Lahtaw Zau Seng ၏ ဇနီး ရှယ်လီဆိုင်း။

ကြိုဆိုနေကြသည့် ရိုးရာမနောင်ပွဲလာရောက်ဆင်နွှဲသူများ။

ရိုးရာမနောင်အက ဆင်နွှဲဖို့စတင်ပြင်ဆင်ကြသည်။

ထန်းငေါ့တောင်ပေါ်သို့ ရိုးရာမနောင်ပွဲလာရောက်ဆင်နွှဲသည့် ကချင်လူငယ်များ။

ထန်းငေါ့တောင်ပေါ်သို့ ရိုးရာမနောင်ပွဲလာရောက်ဆင်နွှဲသည့် ကချင်လူငယ်များ။

ဒီပွဲဖြစ်မြောက်ရေးအတွက် တစ်ပတ်ခန့်ကြိုတင်ကာ ပြင်ဆင်ရပြီး ရိုးရာမနှောင်ကဖို့ရန် လိုအပ်သည့် စက်ပစ္စည်းများနှင့် တခြားပွဲ ဖြစ်မြောက်ရေးအတွက်လိုအပ်သည်များကို ဆိုင်ကယ်ဖြင့် တောင်တက်တောင်ဆင်းခေါက်တုံ့ခေါက်ပြန် သယ်ယူကြရသည်။

ဒီပွဲဖြစ်မြောက်ရေးအတွက် တစ်ပတ်ခန့်ကြိုတင်ကာ ပြင်ဆင်ရပြီး ရိုးရာမနှောင်ကဖို့ရန် လိုအပ်သည့် စက်ပစ္စည်းများနှင့် တခြားပွဲ ဖြစ်မြောက်ရေးအတွက်လိုအပ်သည်များကို ဆိုင်ကယ်ဖြင့် တောင်တက်တောင်ဆင်းခေါက်တုံ့ခေါက်ပြန် သယ်ယူကြရသည်။

ထိုင်းနိုင်ငံအတွင်း နေထိုင်ကြီးပြင်းလာကြသည့် ကချင်လူမျိုးများအပြင် အခြားသော မြန်မာပြည်ဖွားတိုင်းရင်းသား များအပါအဝင် လူဦးရေ စုစုပေါင်း ၃၀၀ ဝန်းကျင် ဒီပွဲကို လာရောက်ဆင်နွှဲခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်း နေထိုင်ကြီးပြင်းလာကြသည့် ကချင်လူမျိုးများအပြင် အခြားသော မြန်မာပြည်ဖွားတိုင်းရင်းသား များအပါအဝင် လူဦးရေ စုစုပေါင်း ၃၀၀ ဝန်းကျင် ဒီပွဲကို လာရောက်ဆင်နွှဲခဲ့ကြသည်။
By – အမိုး



