တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့က ရပ်ကွက် ၄ ခုမှာ ၃ ခုကို ရှမ်းနီအမျိုးသားတပ်မတော် SNA က ပြန်လည်သိမ်းပိုက်သွားတဲ့အကြောင်း စစ်ရေးသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။
ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှာ တော်လှန်ရေးအင်အားစုတွေကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပေမဲ့ SNA နဲ့ ဟုမ္မလင်းမြို့မှာစစ်ကြောင်းပတ်ထိုးနေတဲ့စစ်ကော်မရှင်တပ်တွေပူးပေါင်းပြီး ဗန်းမောက်မြို့ကိုပြန်လည်ရရှိရေး ထိုးစစ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရှမ်းနီအမျိုးသားတပ်မတော် SNA က ဒီထိုးစစ်မှာ စစ်ကော်မရှင်တပ်နဲ့ပူးပါင်းပြီး သာလွန်အင်အားတွေနဲ့အတူ ဒရုန်းအပါအဝင် ဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့တာလို့ အမည်မဖော်လိုတဲ့စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီဘက်ကနေပြီးတော့ လေကြောင်းပစ်ကူတွေ တောက်လျှောက်ပေးနေတယ် SNA ကိုလည်း နည်းပညာအကူညီ ပေါ့နော်။ အသေခံဒရုန်းတွေတောက်လျှောက်အကူညီပေးနေတော့ ကိုယ့်ဘက်ကတောက်လျှောက်ပြန်ပါနေတာပေါ့”လို့ပြောပါတယ်။

ဗန်းမောက်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြနန္ဒာ၊ လွှစင်ကုန်း နဲ့ မြို့မရပ်ကွက်တွေကို SNA နဲ့စစ်ကော်မရှင်တပ်တွေက ပြန်လည် ထိန်းချုပ်ထားပြီး အောင်ကုန်းရပ်ကွက်တစ်ခုကိုသာ တော်လှန်ရေးအင်အားစုတွေကထိန်းချုပ်ထားနိုင်တော့တာဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေဗန်းမောက်မြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့နောက်ပိုင်းကစလို့ နှစ်ဖက်တပ်တွေ အကြား ဒီနေ့အထိ မကြာခဏထိတွေ့တိုက်ပွဲတွေပြင်းထန်နေတဲ့အခြေနေဖြစ်ပါတယ်။
နေရာတချို့ကိုသာထိန်းချုပ်ထားနိုင်တော့တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ SNA၊စစ်ကော်မရှင်ပူးပေါင်းတပ်တွေအကြား ဒီရက်ပိုင်းအတွင်းလည်း ထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ အထက်ပါစစ်ရေးသတင်းရင်းမြစ်ကဆက်ပြောပါတယ်။
“ဗန်းမောက်မှာကတော့တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ လေကြောင်းတိုက်ခိုက်တာတွေကလည်းတောက်လျှောက်ပဲ။ဗန်းမောက်ဘက်က တဖြည်းဖြည်းနဲ့ပြန်ပါနေတာတော့ဟုတ်ပါတယ်။ ဒါပေမဲ့ အလုံးစုံတော့မပါသေးဘူးပေါ့။တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပေါ့။ ဗန်းမောက်မှာ ရပ်ကွက် ၄ ခုရှိတာ ၃ ခုကတော့ပြန်ပေးလိုက်ရပြီလို့ပြောလို့ရတယ်”လို့ပြောပါတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ KIA ပူးပေါင်းတပ်တွေက စတင်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဗန်းမောက်မြို့ပေါ်ကနေ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဆုတ်ခွာသွားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေက ဗန်းမောက်မြို့ကိုသိမ်းပိုက်ထားကြတာဖြစ်ပါတယ်။
ဒါ့အပြင် လက်တလောမှာလည်း ကချင်နဲ့စစ်ကိုင်းအစပ်က ကသာမြို့သိမ်းတိုက်ပွဲဟာဆက်လက်ပြင်းထန်နေပြီး မြို့တွင်းနေထိုင် တဲ့ အရပ်သားအများစုဟာ ဘေးလွှတ်ရာနေရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ကစလို့ မြို့သိမ်းတိုက်ပွဲတွေပြန်လည် ပြင်းထန်နေပြီး ထီးချိုင့်မြို့နဲ့ကပ်လျှက်က ကသာမြို့မှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ မြို့သိမ်းတိုက်ပွဲပြင်းထန်နေတာ ဒီနေ့အထိဖြစ်ပါတယ်။
By – အမိုး



