သတင်း

မြစ်ကြီးနားမှာ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနေ့ကတစ်ရက်အတွင်း သေဆုံး‌နေတဲ့ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့သူတွေဆီကနေ သိရပါတယ်။

 ပထမ ဖြစ်စဉ်ကတော့ ဖေဖော်ဝါရီလ ၅ ရက် ညနေ ၄နာရီဝန်းကျင်အချိန် ရှမ်းရွာဘက်ရှိ အမှိုက်ပုံနားမှာ ခန့်မှန်းချေ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး လက်မှာဆေးထိုးအပ်တန်းလန်းနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။

နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ အေးမြသာယာရပ်ကွက် လမ်းမကြီးနဘေးက တဲအိမ်ဆိုင်ခန်းလေးထဲမှာလည်း အမျိုးသားတစ်ဦး ထပ်မံသေဆုံးနေတာလို့ သိရပါတယ်။

ခုလို မူးယစ်ဆေးဝါးကြောင့် သေဆုံးမှုတွေရှိနေတဲ့အပေါ်  မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ခုလိုသုံးသပ်ပြောဆိုပါတယ်။

ဒီနိုင်ငံရေး မကောင်းလာတဲ့နောက်ပိုင်းဆို ဒီမူးယစ်ဆေးဝါးရောင်းတဲ့ဟာဆိုရင်လည်း ပေါ်တင်ဘဲကွာ ဖမ်းတဲ့လူလည်း မရှိဘူး။ လူရှေ့သူရှေ့ဆိုရင်လည်း ဒီတိုင်းဘဲ ဝယ်သုံးရောင်းဝယ်ဖောက်ကားနေတာဘဲ ဘယ်သူမှလာပြောမယ့်လည်း မရှိဘူးလေလို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၁၃ရက်နေ့မနက် ပိုင်း ၉ နာရီဝန်းကျင်မှာလည်း ရမ်ပူ တရုတ်ကျောင်းအနီးမှာလည်း အမျိုးသားတစ်ဦး မူးယစ်ဆေးရှော့ဖြစ်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု အဆိုးဆုံးကတော့ ရမ်ပူရပ်ကွက် အပိုင်း ၂၁၊ ၂၂၊ ၂၃ ဖြစ်ပြီး တာဝန်ရှိသူတွေကလည်း အရေးယူခြင်း မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ရမ်ပူရပ်ကွက်ဟာ မြစ်ကြီးနားမြို့က အမှတ် ၂ ရဲစခန်းနဲ့ နီးတဲ့အပြင် မူးယစ်ဆေးဝါးကိုလည်း တရားဝင် ရောင်းဝယ်ခွင့် ပြုထားတဲ့ နေရာဖြစ်ပါတယ်။

ခုလို အခြေအနေတွေကြောင့် နောက်ဆက်တွဲအနေနဲ့ မြစ်ကြီးနားမြို့မှာ လူငယ်တွေနဲ့ သက်လတ်ပိုင်း အရွယ်တွေဟာ မူးယစ်ဆေးရှော့ဖြစ်ပြီး သေဆုံးမှု မကြာခန ဖြစ်ပျက်နေသလို ခိုးဆိုးလုယက်မှုတွေလည်း ပိုမိုများပြားလာတာဘဲ ဖြစ်ပါတယ်။

 ဒါကြောင့် မြစ်ကြီးနားမြို့နေ ပြည်သူတွေဘက်ကလည်း တာဝန်ရှိသူတွေကို မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ပြဿနာတွေနဲ့ ခိုးဆိုးလုယက်သူတွေကို သေချာ ဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုထားကြတာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button