ဗျူဟာလမ်းမပေါ်က တိုက်ပွဲကြောင့် မန္တလေး-မြစ်ကြီးနား ခရီးစဉ်ကြန့်ကြာမှုရှိနေ
မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းမပေါ်က ကန့်ဘလူခရိုင်ထဲမှာ နှစ်ဖက်တပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခရီးသွားတွေကွင်းလမ်းအသုံးပြုသွားလာနေရတဲ့အတွက် ခရီးစဉ် ၃ ညအိပ် ၄ ရက် ခရီးနှင်နေရတယ်လို့ ကားသမားတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစလို့ ကန့်ဘလူခရိုင်ထဲမှာ အမျိုးသားညီညွှတ်ရေးအစိုးရ လက်အောက်ခံ PDF၊ ပကဖ နဲ့ အာရက္ခတပ်တော် AA ပူးပေါင်းတပ် တွေဟာ စုပေါင်းစစ်ဆင်ရေးလုပ်ဆောင်နေတာလို့ အမှတ် ၁ စစ်ဒေသကထုတ်ပြန်ထားပါ တယ်။
ကာကွယ်ရေးတပ်တွေနဲ့နီးစပ်တဲ့ စစ်ကိုင်းကချင်အစပ်ကဒေသခံအမျိုးသားတစ်ဦးက“လုံခြုံရေးစိုးရိမ်ချက်ဆိုတာထက် ကျောက်တန်းမှာကလည်းစစ်ကောင်စီတပ်တွေကစိုးမိုးသွားတယ်။ အဲ့ဘက်ကလည်း တိုက်ပွဲ ကအချိန်မရွေးဖြစ်နိုင်တယ်။ စစ်ဒေသကလည်းထုတ်ပြန်ထားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကကို တိုက်ပွဲတွေကဆက်ဖြစ်နေတာ အဲ့လမ်းပိုင်းမှာ။ ဒါ့ကြောင့် တိုက်ပွဲမှာပြည်သူကြားညှပ်မှာစိုးလို့ ပိတ်ခိုင်းတာလို့သိရတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အမှတ် ၁ စစ်ဒေသရဲ့ထုတ်ပြန်ချက်အရ ကန့်ဘလူနယ်၊ ကောလင်းနယ်ထဲက မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းမပေါ်မှာရှိတဲ့ စစ်ကော်မရှင်အထိုင်ဂိတ်တွေကို အထက်ပါပူးပေါင်းတပ်တွေကတိုက်ခိုက်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ အထိကို နှစ်ဖက်တပ်တွေတိုက်ပွဲပြင်းထန်ခဲ့ကြတာဖြစ်ပါတယ်။
ခုလို မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းမပေါ် ကန့်ဘလူခရိုင်ထဲမှာ နှစ်ဖက်တပ်တွေရဲ့စစ်ရေးအခြေနေအရ ဗျူးဟာလမ်းပိတ်ထားတာကြောင့်ဖြစ်တဲ့အတွက် ကွင်းလမ်းကိုအသုံးပြုနေ့ရတာလို့သိရပါတယ်။
“လမ်းကြောင်းတွေက ဟိုဘက်ကပိတ်လိုက် ဒီဘက်ကပိတ်လိုက်နဲ့ပေါ့။ ကျောက်တန်းမှာကလည်းတပ်ထိုင်လိုက်တယ်။ တပ်ထိုင်တာကတော့အရေးမကြီးဘူး။ အဲ့တပ်ဂိတ်ကိုမရောက်ခင် ကာကွယ်ရေးတပ်တွေရဲ့ဂိတ်ရှိတာကို အဲ့တော့ အဲ့လမ်းကို ၄၅ မိနစ်လောက်မောင်းရမှာကို ၄ နာရီဝန်းကျင်လောက်ပတ်ပြီးမောင်းနေရတာပေါ့။ ခရီးစဥ်က သုံးညအိပ် လေးရက်ကြာတယ်”ကားသမားတစ်ယောက်ကပြောပါတယ်။
လက်ရှိ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း ရွှေဘိုမြို့အထွက် ကိုးပင်ဂိတ်တွင် စစ်ကော်မရှင်တပ်၊ ခင်ဦးလမ်းဆုံအကျော် ယောက်သွားအိမ် နဲ့ ကုက္ကိုလ်ကုန်းဂိတ်တွင် ကာကွယ်ရေးတပ်၊ ကျောက်တန်းဂိတ်တွင် စစ်ကော်မရှင်တပ်တို့က နေရာယူအထိုင်ချ ထားကြပြီး စစ်ရေးအခြေနေပေါ်မူတည်ကာ ခရီးသွားကားတွေကို သွားလာခွင့်ပြုနေတာလို့သိရပါတယ်။
အခုလိုအခြေနေတွေကြောင့် မြစ်ကြီးနား–မန္တလေးခရီးစဥ်ကို ခရီးသွားတွေအနေနဲ့ အရေးပေါ်ကိစ္စတစ်စုံတစ်ရာမရှိရင် ဖြတ်သန်းသွားလာခြင်းမလုပ်သေးတာကောင်းတယ်လို့ ကားသမားတွေကအကြံပြုထားပါတယ်။
By – အမိုး



