အင်းတော်ကြီးဒေသက စစ်ရှောင်ပြည်သူ တစ်ထောင်အတွက် စားနပ်ရိက္ခာအကူအညီလိုအပ်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ တိမ်းရှောင်နေကြတဲ့ အင်းတော်ကြီးဒေသက စစ်ရှောင်ပြည်သူ တစ်ထောင်ဝန်းကျင်အတွက် စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး အင်းတော်ကြီးဒေသမှာတိုက်ပွဲတွေစတင်လာခဲ့တဲ့အတွက် နန့်မွန်းမြို့ ပြည်သူတွေဟာ ညောင်ပင်ကျေးရွာက ရိုးရာဝန်း (Htunghking Wang) နဲ့ ကက်သလစ်ဘုရားကျောင်းမှာအိမ်ခြေ ၂၀၀၊ လူဦးရေ ၇၀၀ နီးစပ်ရာဆွေမျိုးနေအိမ် လူဦးရေ ၁၀၀ ဝန်းကျင် ခိုလှုံနေကြတယ်လို့ သိရပါတယ်။
စစ်ရှောင်ဦးရေများလာတဲ့အတွက် တစ်လကို ဆန်အိတ် ၁၀၀ ဝန်းကျင်ကုန်ကျနေတာကြောင့် စားနပ်ရိက္ခာအကူအညီကို အရေးပေါ် လိုအပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်ရှောင်စတင်လာချိန်မှာတော့ ကျွန်တော်တို့ အသင်းတော်က ဦးဆောင်ပြီး လိုအပ်တာတွေ ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အသင်းသားတွေလည်း တစ်ယောက်တစ်လမ်း ဖြစ်သွားကြပြီး အသင်းတော်တစ်ခုအနေနဲ့ ရပ်တည်ဖို့တောင် ခက်ခဲလာပါတယ်” လို့ ပြောပါတယ်။

နောက်ထပ် မိုးညှင်းမြို့နယ် ဟဲပု၊ ဟဲပါး၊ စနွင်းကုန်းက လူဦးရေ ၃၀၀ ဝန်းကျင်ကလည်း ၂၀၂၄ နှစ်ကုန်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်လာတဲ့အတွက် မိုးညှင်းမြို့နယ် နန့်ပတဲကျေးရွာက ရွှေမဉ္ဇူဘုရားဝင်းမှာ စစ်ရှောင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ မိုင်းနောင်ရွာက အိမ်ခြေ ၃၀ ကျော်နဲ့ လူဦးရေ ၁၅၀ ဝန်းကျင်ကလည်း ဖားကန့် တာမခန်ကချင်နှစ်ခြင်းအသင်းတော်နဲ့ နန့်စပိန်း(မှော်လုံ) ကက်သလစ်အသင်းတော် ဘုရားရှိခိုးကျောင်းမှာ တိမ်းရှောင်နေရတာဘဲ ဖြစ်ပါတယ်။
လက်ရှိ စစ်ရေးအခြေအနေတွေကြောင့် စစ်ရှောင်တွေဟာ သွားလာရေး ပိုခက်လာပြီး ဆန်ဝယ်ဖို့တောင် အခက်အခဲရှိလာတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီတွေနဲ့ လုံခြုံတဲ့နေရာထိုင်ခင်းတွေအပြင် စစ်ရှောင်ကလေးတွေအတွက် ပညာသင်ကြားနေရာမှာ လိုအပ်တဲ့ သင်ထောက်ကူ ပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ ခုလို ဆက်ပြောပါတယ်။
“စစ်ရှောင်လာတဲ့သူတွေက အသင်းသားတွေ ဖြစ်တဲ့အတွက် ဘာသာရေးကျောင်းအခြေပြု ကျောင်းတွေမှာ ပညာတွေသင်ယူလေ့လာနေတယ်။ ဒါပေမယ့်လည်း ကျောင်းသုံးစာအုပ်နဲ့ ဘောပင်၊ခဲတံတွေ လိုအပ်တဲ့အရာတွေတော့ အများကြီး ဖြစ်နေတယ်”လို့ ဆိုပါတယ်။
စစ်ရှောင်တွေပြောပြချက်အရ ညောင်ပင်ကျေးရွာက အထက်တန်းကျောင်းမှာ ကလေးတွပညာသင်ခွင့်ရရှိနေကြပေမယ့် နိုင်ငံရေးအခြေအနေ မတည်ငြိမ်တာကြောင့် ၁၀ တန်းကနေ ၁၂ တန်းအထိ မဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။
ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဖော်ပြချက်အရ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာချိန်ကစပြီး ၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာမသိမ်းခင်အထိ စစ်ရှောင်ဒုက္ခသည် ၇၅,၀၀၀ လောက် ရှိခဲ့ပါတယ်။
၂၀၁၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်အထိဆိုရင် စစ်ရှောင်ဦးရေ ၂၄၃,၂၀၀ အထိ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကချင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည် ၁၆၈,၄၀၀ လောက် တိုးလာခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေမှာတော့ အဲဒီ စစ်ရှောင်ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။
မိုးညှင်းမြို့နယ်မှာ စစ်ရှောင်နေကြတဲ့ ပြည်သူအများစုက အင်းတော်ကြီးမြို့နယ် နန့်မွန်းကျေးရွာကဖြစ်ကြပြီး စစ်ရှောင်နေတာ ၂ နှစ်နဲ့ ၇ လခန့် ရှိနေပြီလို့ သိရပါတယ်။
By – Hope



