မြစ်ကြီးနားလေဆိပ်ရပ်နားလိုက်တဲ့နောက် ကားလမ်းပိုင်းခရီးသွားပိုများလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ လေဆိပ်ခရီးစဥ်အားလုံး ရပ်ဆိုင်းထားတဲ့နောက် မြစ်ကြီးနား–မန္တလေး ကားလမ်းခရီးအသုံးပြုခရီးသွားလာသူတွေများလာတယ်လို့ ကားသမားတွေ နဲ့ ခရီးသွားတွေဆီကသိရပါတယ်။
မြစ်ကြီးနား–မန္တလေး ကားလမ်းပိုင်းအတွင်း နှစ်ဖက်တပ်တွေရဲ့မကြာခဏဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် လုံခြုံမှုတွေမရှိပေမဲ့ လည်း ခရီးသွားတွေအဖို့ မလုံခြုံတဲ့ဒီကားလမ်းပိုင်းကိုသာအသုံးပြုလာကြတာလို့ ကားသမားတွေကပြောပါတယ်။
ကားသမားတစ်ဦးက“အခုကသွားကြတဲ့ခရီးသည်နည်းနည်းများလာတယ်။လေယာဥ်ပိတ်ထားတယ်ဆိုတော့လေ။ အရင်လိုကြီးတော့အဆင်မပြေဘူး။ ဒီအချိန်ဒီကာလမှာ နည်းနည်းတော့ပိုခက်ခဲတယ်။ ကွင်းလမ်းသွားနေရတယ်သာပြောတာ။ ဘယ်လိုစပြောရမှန်းကိုမသိဘူး။ အကုန်လုံးနီးပါး ကွင်းလမ်းသွားနေရသလိုဖြစ်နေပြီ။ မိန်းလမ်းဆိုတာတောင်သိပ်မရှိသလောက်ဖြစ်နေပြီ။ ပုံမှန်အသားကျသလို တောင်ဖြစ်နေပါပြီ”လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညပိုင်း ၈ နာရီလောက်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA က ခရီးသည်လေယာဥ် တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးမြို့ကို ထွက်ခွာဖို့ပြင်ဆင်နေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ စစ်တပ်ကထုတ်ပြန်လာပြီးနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကစလို့ လေကြောင်းခရီးလိုင်းအားလုံးကိုရပ်နားထားတာဒီနေ့အထိဖြစ်ပါတယ်။

တစ်ဖက်မှာ အခုလိုမြစ်ကြီးနားလေဆိပ်က လေကြောင်းလိုင်းတွေအားလုံးရပ်နားထားတဲ့နောက် ဒီလ မတ် ၉ ရက်နေ့မှာ လေကြောင်းလိုင်းတွေပြန်ပြေးမယ်ဆိုတဲ့ကောလဟလသတင်းတွေထွက်ပေါ်ခဲ့သလို ဒီသတင်းရေးသားနေတဲ့ မတ်လ ၁၁ ရက်နေ့ အထိ မြစ်ကြီးနားလေကြောင်းလိုင်းတွေပြန်လည်ပြေးဆွဲနိုင်တာမရှိသေးပါဘူး။
မြစ်ကြီးနားလေဆိပ်လေကြောင်းလိုင်းအရာရှိတစ်ယောက်ကတော့ မြန်မာနှစ်သစ်ကူးကာလ သင်္ကြန်ပြီးမှသာ လေကြောင်းလိုင်း တွေပြန်ဖွင့်သွားဖို့ရှိတယ်လို့ကြားသိရကြောင်း KNG ကိုမတ်လ ၆ ရက်နေ့ကဖြေဆိုခဲ့ပါတယ်။
ဒါ့အပြင် အီရန်စစ်ပွဲနောက်ဆက်တွဲကြောင့် မြန်မာပြည်တစ်ဝှမ်းစက်သုံးဆီဈေးနှုန်းတွေတရိပ်ရိပ်မြင့်တက်လာသလို ဒီအခြေနေ ဟာ ခရီးသွားလုပ်ငန်းတွေအပေါ်လည်းသက်ရောက်ရှိလာပြီဖြစ်ပါတယ်။
“နည်းနည်းလေးတော့ဈေးတက်လာတယ်။ ကားခတစ်သိန်းလောက်တော့တက်လာတယ်။ မြစ်ကြီးနား နဲ့ မန္တလေး၊ မန္တလေးနဲ့ မြစ်ကြီးနား ကို ဈေးကမတူဘူး။ စက်သုံးဆီကြောင့်လည်း အများကြီးပါတာပေါ့”အထက်ပါကားသမားကဆက်ပြောပါတယ်။
အီရန်စစ်ပွဲမတိုင်ခင် ကျပ် ၁ သိန်းခွဲသာရှိခဲ့တဲ့ မြစ်ကြီးနား–မန္တလေးအဆင်း ခရီးစဥ်ဟာလည်း ကျပ် ၂ သိန်းခွဲအထိ ကားခဈေးနှုန်း တွေမြင့်တက်သွားသလို မန္တလေး–မြစ်ကြီးနား အတက်ခရီးစဥ်ကလည်း ကျပ် ၁သိန်း ၇သောင်းကနေ ကျပ်၂သိန်းထိဈေးတက် သွားတယ်လို့ သိရပါတယ်။
မြစ်ကြီးနား–မန္တလေးအတက်အဆင်းခရီးစဥ်အတွက် ခရီးသွားတွေဟာ ကွင်းလမ်းပိုင်းကိုသာအဓိကအသုံးပြုနေရပြီး အာဏာ မသိမ်းခင်ကာလများက တစ်ညအိပ် ၂ ရက်ခရီးသာကြာမြှင့်ခဲ့တဲ့ မြစ်ကြီးနား–မန္တလေးအတက်အဆင်းခရီးစဥ်ဟာ လက်ရှိမှာ ၃ ညအိပ် ၄ ရက်ခန့်ကြာမြင့်တယ်လို့သိရပါတယ်။
ဒါပေမဲ့ လမ်းပိုင်းအတွင်း နှစ်ဖက်တပ်တွေအကြားတိုက်ပွဲဖြစ်ပွားရင် ဖြစ်ပွားသလို ခရီးစဥ်က ၅ ရက်ကနေ တစ်ပတ်ခန့်အထိ ကြာမြှင့်တတ်တယ်လို့ ကားသမားတွေကပြောပါတယ်။
By – အမိုး



