ရှိန်းခေါင်နယ်စပ်၊ ရှာကာတီရွာအနီး တိုက်ပွဲဖြစ်
ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်နယ်စပ် KIA ရှိတဲ့ဘက်ကို စစ်တပ်ကထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲဆက်တိုက်ဖြစ်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။
ရှိန်းခေါင်နယ်စပ် ရှာကာတီ ကျေးရွာ အမှတ် ၃၀ မှတ်တိုင်အနီးမှာ မတ်လ ၁၁ ရက်နေ့ ဒီနေ့လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ လေကြောင်းပစ်ခတ်မှု ဒီနေ့၃ ကြိမ်ထက်မနည်းရှိပြီလို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
“ဒီနေ့လည်းထပ်ပြီး ဂျက်လေယာဉ်နဲ့လာပစ်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေကို လာပစ်သွားတယ်။ အခုလောလောဆယ်က စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ ပြန်ထိုးစစ်လုပ်နေတယ်။ တိုက်ပွဲအတွင်း လေကြောင်းနဲ့လာပစ်တာက ၂ ခါ ၃ ခါလောက်ရှိပြီ”လို့ လန်ဆယ်ဒေသ KIA အရာရှိတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ် တပ်ပေါင်းစုတွေက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ နေရာယူထားတဲ့ နယ်မြေဘက်ကို ထိုးစစ်င်လာတာကြောင့် တိုက်ပွဲပြန် ဖြစ်နေတာလို့ သိရပါတယ်။
စစ်တပ်နဲ့ ပြည်သူ့စစ်တပ်တွေက ထိုးစစ်ဆင်လှုပ်ရှားလာတိုင်း KIA ဘက်မှ ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တပ်တို့ကြား တိုက်ပွဲဖြစ်လိုက် ရပ်လိုက်နဲ့ တင်းမာနေတာ လက်ရှိထိ ဖြစ်ပါတယ်။
စစ်တပ်ဘက်မှ လေကြောင်းကနေတစ်ဆင့်လည်း မကြာခဏ လာရောက်ဗုံးကြဲနေသလို ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်မှာလည်း လန်ဆယ်– ရှိန်းခေါင်ဘက် စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ အဆောက်အဦးထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး ခေါင်လန်ဖူးမြို့ နဲ့ ရှိန်းခေါင်ဘက်ကို ချဉ်းကပ်ကာ KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေဟာ ပြည်သူ့စစ်ကာကင်းတပ်စခန်း တစ်ခုပြီးတစ်ခု လိုက်လံတိုက်ခိုက်သိမ်းပိုက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ပေါင်းစုတွေက ပူတာအိုနဲ့ ခေါင်လန်ဖူးက စစ်သားအင်အားတွေထပ်မံစုစည်းကာ လက်ရှိမှာတော့ KIA နေရာယူထားနိုင်တဲ့ နေရာတွေကို တန်ပြန်ထိုးစစ်ဆင်နေတာလို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
“တိုက်ပွဲပြင်းထန်တာမျိုးတော့ မဟုတ်ဘူး။ ပစ်လိုက် နားလိုက်နဲ့ နည်းနည်းပါးပါးဖြစ်နေတယ်။ အခုက ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ ကျနော်တို့ဘက်မှ ထိုးစစ်ဆင် ရောက်ရှိထားနိုင်တဲ့ နေရာအထိ အဲနားမှာ ထပ်ပြီး ဟိုဘက်က ထိုးလာလို့ ပစ်ခတ်နေကြတာ။ ပြည်သူ့စစ်တွေက ပူတာအို၊ ခေါင်လန်ဖူးတွေကနေ အင်အားတွေ စုစည်းယူပြီး ကျနော်တို့ရှိတဲ့ ဒီဘက်ကို လူအင်အားပုံမှန်ပို့ဆောင် အင်အားဖြည့်နေတယ်”လို့ KIA အရာရှိက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေဟာ ရှိန်းခေါင်နယ်စပ် မှတ်တိုင် ၃၀ နားအထိ ထိုးစစ်ဆင် ရောက်ရှိထားနိုင်ပြီး ပြည်သူ့စစ်တပ်စခန်းတွေကို ရှင်းလင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ထိုးစစ်ဟာ ရှိန်းခေါင်းနဲ့ ခေါင်လန်ဖူးမြို့တို့အထိ ရောက်ရှိလာမယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ပြည်သူ့စစ်တပ်တွေက ခေါင်လန်ဖူးဘက်လာရာ လမ်းကြောင်းအားလုံးရှိ ကြိုးတံတားတွေကိုလည်း ဖျက်ဆီး ဖြတ်တောက်လိုက်တယ်လို့ သိရပါတယ်။
ခေါင်လန်ဖူးဌာနေပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေက နှစ်လခန့်အချိန်ယူပြီး လူအင်အားတွေထပ်မံစုစည်းခဲ့ပြီး လက်ရှိမှာ တန်ပြန်ထိုးစစ်ဆင်နေတာကြောင့တို က်ပွဲပြန်လည်ဖြစ်နေတာလည်း ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ



