မြစ်ကြီးနားမြို့မှာ တစ်ရက်ကို နာရီဝက်ခန့်သာ မီးရရှိတယ်လို့ဆို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်ရက်ကို နာရီဝက်ခန့်သာ လျှပ်စစ်မီးရနေတဲ့အတွက် အဖက်ဖက်အဆင်မပြေဖြစ်နေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ ပြည်သူတွေက ပြောပါတယ်။
ဘူးဂါးလျှပ်စစ်ရုံးကနေ ရပ်ကွက်အလိုက်မီးပေးမယ့်စာရင်းထုတ်ပြန်ထားပေမယ့် အချိန်ဇယားအတိုင်း မီးပေးခြင်းမရှိပဲ တစ်ရက်လုံးမှ နာရီဝက်ခန့်သာ ရရှိနေတာ နှစ်ပတ်ခန့်ရှိလာပြီလို့ သိရပါတယ်။
ခုလို လျှပ်စစ်မီးပေးတဲ့အချိန် တစ်နေ့တခြား ပိုမိုနည်းလာတဲ့အတွက် ထမင်း၊ဟင်းချက်ပြုတ်ဖို့ အခက်တွေ့နေတယ်လို့ မြစ်ကြီးနား ဒေသခံ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။
“ကျွန်တော်တို့ စီတာပူတောင်မှာ နာရီဝက် ၁၅မိနစ်လောက်ဘဲ ကျန်တဲ့ ရပ်ကွက်ဆိုပြောမနေနဲ့တော့။ ကိုယ်က မီးလာပြီဆိုပြီးထမင်းပေါင်းအိုးတန်းတည်လိုက်တော့ မီးပျက်တော့ ထမင်းပေါင်းအိုးကလည်း ပျက်ရော ထမင်းကလည်း ပစ်လိုက်ရရော အဲလိုမျိုးကွာ”လို့ ဆိုပါတယ်။
လတ်တလော မြစ်ကြီးနားမြို့မှာနေထိုင်သူတွေ ပြောတာက စီတာပူရပ်ကွက်အပါအဝင် ရပ်ကွက်တစ်ချို့တွေမှာ လျှပ်စစ်မီးက နာရီဝက် (သို့မဟုတ်) တစ်နာရီဝန်းကျင်လာနေသေးပေမယ့် တစ်ချို့ရပ်ကွက်တွေမှာတော့ မီးမလာတာ သုံးလေးရက်လောက်တော့ ရှိနေပြီလို့လည်း သိရပါတယ်။
မြစ်ကြီးနားမြို့မှာ လူနေရပ်ကွက်တိုင်းလိုလို ရေတွင်းနဲ့ ရေဘုံဘိုင်အစား အဝီစိတွင်းရေတူးပြီး ရေမော်တာနဲ့ အသုံးပြုကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရေမော်တာဟာ လျှပ်စစ်မီးရမှသာ အသုံးပြုလို့ရတာ ဖြစ်တဲ့အတွက် သောက်ရေ သုံးရေ ရရှိဖို့ ပိုမိုခက်ခဲလာတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။
“ရေမရှိတော့ဘူး ရေတင်ရမှာကို။ လျှပ်စစ်မီးမလာတော့ ရေ အခက်အခဲဖြစ်တယ်လေ။ ၂ရက်လောက်တော့ ရှိပြီ”လို့ ဆိုပါတယ်။
လျှပ်စစ်မီးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာလည်း ပြည်သူတွေအနေနဲ့ လျှပ်စစ်မီးပျက်မှုကြောင့် အဆင်မပြေမှုတွေ ကြုံတွေ့နေတဲ့အကြောင်း အပြန်အလှန် မျှဝေနေကြပြီး တာဝန်ရှိသူတွေအနေနဲ့ သေချာကူညီဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ခုလိုလျှပ်စစ်မီး ပြတ်တောက်နေတာနဲ့ ပက်သက်ပြီး မြစ်ကြီးနား ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းရဲ့ တာဝန်ရှိသူကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မှုဧရိယာပြင်ပ ဖြစ်နေသလို messenger chat box ကတစ်ဆင့် စာပို့ထားပေမယ့် အကြောင်းပြန်လာခြင်း မရှိသေးပါဘူး။
ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး KNG ကနေ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ဆက်သွယ်မေးမြန်းချိန် နွေရာသီဆိုရင် ရေတွေခမ်းလာတဲ့အတွက် လျှပ်စစ်မီးရရှိမှုက ပိုမိုလျှော့နည်းလာမှာကြောင်း ဖြေကြားခဲ့ပါတယ်။
မြစ်ကြီးနားမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ တစ်ရက်လျှင် မီးပြတ်ချိန် ၁၂ နာရီနဲ့ မီးလာချိန် ၈ နာရီဆိုပြီး သတ်မှတ်ပေးထားပေမယ့် ဒီနှစ်မှာတော့ တစ်ရက် မီးပြတ်ချိန် နာရီ၂၀ နဲ့ မီးလာချိန် ၈နာရီဆိုပြီးသတ်မှတ်ပေးထားတယ်လို့ မြစ်ကြီးနား မြို့နေပြည်သူတွေက ပြောပါတယ်။
ဒါပေမယ့် မီးပြတ်ချိန် နာရီ ၂၀ မှန်ပေးပြီး မီးလာချိန်က ပုံမှန်မရတဲ့အပြင် တစ်ခါတစ်ရံ သုံး၊လေးရက် မီးပြတ်တာမျိုးတွေလည်း ကြုံတွေ့ရပြီးတစ်ခါတစ်ရံ လျှပ်စစ်မီးလာတဲ့အချိန်ဟာ ညသန်းခေါင်ယံဖြစ်နေတဲ့အတွက် အဆင်မပြေမှုတွေလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ဘူးဂါးလျှပ်စစ် ဓာတ်အားပေး လုပ်ငန်းကနေပြီးတော့ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ချီဖွေရေအားလျှပ်စစ်၊ မလိခ ရေအားလျှပ်စစ်နဲ့ အမျိုးသားဓာတ်အားလှိုင်း( National Grid ) စတဲ့ နေရာသုံးခုကနေအဓိက ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၂၀၂၃ခုနှစ်မှာတော့ မလိခ ရေအားလျှပ်စစ် ချို့ယွင်းမှုရှိခဲ့ပြီး လက်ရှိချိန်ထိ မပြုပြင်နိုင်သေးဘဲ ရပ်နားထားရတယ်လို့ သိရပါတယ်။
ဒါကြောင့် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ချီဖွေရေအား လျှပ်စစ်နဲ့ အမျိုးသားဓာတ်အားလှိုင်း နှစ်ခုတည်းကိုသာ အသုံးပြုနေရတယ်လြို သိရပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၅ ဇူလှိုင်လ လောက်မှာတော့ အမျိုးသားဓာတ်အားလှိုင်းကနေလည်း လျှပ်စစ်မှု ရရှိမှုဟာ ရပ်တန့်သွားခဲ့ပြီး လက်ရှိ အချိန်မှာတော့ ချီဖွေရေအားလျှပ်စစ် တစ်ခုတည်းကနေဘဲ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေရတာဖြစ်တယ်လို့ ဘူးဂါးရုံးကနေ သိရပါတယ်။
By – Hope



