ကွတ်ခိုင်မှာ PDF နှစ်ဦးကို TNLA ဖမ်းဆီး
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့မှာ မန္တလေး PDF တပ်ဖွဲ့အတွက် လက်နက်ဝယ်ယူစုဆောင်းနေတဲ့ PDF နှစ်ဦး TNLA ကဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
မတ်လ ၁၁ ရက်နေ့ မွန်လွဲပိုင်း ၃ နာရီခွဲလောက်မှာ ကွတ်ခိုင်မြို့ ရပ်ကွက် ၈ တွင်းအိမ်ငှားနေထိုင်ပြီး မန္တလေး PDF တပ်ဖွဲ့ဝင်အတွက် လက်နက်ခဲယမ်းဝယ်ယူစုဆောင်းနေတဲ့ PDF တပ်ဖွဲ့ဝင် ၂ ဦးကို TNLA က အင်အား ၃၀ ဝန်းကျင်အသုံးပြုပြီး လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“မန္တလေး PDF တပ်ဖွဲ့ဝင် ၂ ဦးကို TNLA တွေ အင်အား ၃၀ လောက်နဲ့ လာဝန်းရံပြီး ဖမ်းဆီးထိန်းသိမ်းသွားတာဖြစ်တယ်” လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီ မန္တလေး PDF ရဲဘော်တွေဟာ ကွတ်ခိုင်မှာနေပြီး လက်နက်ခဲယမ်းတွေကို ဝယ်ယူစုဆောင်းနေစဉ် TNLA ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်ပြီး PDF ရဲဘော် ၂ ဦးနဲ့အတူ သေနတ် လက် ၄၀၊ ကျည် ၅၀၀၀၊ ငွေသား သိန်း ၈၀ ၊ မီးသံသေတ္တာ ၁ ခု၊ 4 Wheel ကား ၂ စီး၊ ဆိုင်ကယ် ၂ စီး တို့ကို ဖမ်းဆီးထိန်းသိမ်းသွားတယ်လို့ သိရပါတယ်။
လက်ရှိချိန်ထိ မန္တလေး PDF တပ်ဖွဲ့ဝင် ၂ ဦးနဲ့အတူ လက်နက်ခဲယမ်း၊ စည်းစိမ်ဥစ္စာတွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ PDF တပ်ဖွဲ့တွေဘက်မှ သတင်းထုတ်ပြန်တာမျိုးတော့ မတွေ့သေးဘူးလို့ ဆိုပါတယ်။

“ကွတ်ခိုင်တဝိုက်မှာက လက်နက်ကိုင်တပ်ဖွဲ့တွေဆီကနေ လက်နက်အရောင်းအဝယ်လုပ်တဲ့သူတွေက ပုံမှန်ရှိတယ်။ အခုဖမ်းခံရတဲ့သူတွေက မိုးကုတ်က PDF တွေဖြစ်တယ်လို့ ကြားတယ်။ ဒါပေမဲ့ အခုထိ သက်ဆိုင်တဲ့ မိုးကုတ်၊ မန္တလေး PDF တပ်ဖွဲ့တွေဆီကနေ ဘာမှ ထုတ်ပြန်လာတာ စာတွေ မတွေ့သေးဘူး”ကွတ်ခိုင်မြို့ခံတစ်ဦး ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာလည်း ကွတ်ခိုင်မှာ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တွေကိုလည်း လက်နက်ခဲယမ်းတွေနဲ့အတူ TNLA ဘက်မှ ဖမ်းဆီးသွားတာဖြစ်စဥ်တွ ရှိခဲ့ပါတယ်။
တအာင်းလွတ်မြောက်ရေးအမျိုးသားတပ်မတော် TNLA ဟာ ကွတ်ခိုင်မှာ တစ်ခြား ဘယ်လက်နက်ကိုင်ကိုမှ လှုပ်ရှားသွားလာခွင့်မပြုထားပဲ ပိတ်ပင်ထားတာဖြစ်ပါတယ်။
လက်ရှိမှာလည်း TNLA က ကွတ်ခိုင်းအတွင်း KIA အပြင် တစ်ခြားလက်နက်အရောင်းအဝယ်လုပ်နေတာမျိုးတွေကို ဆက်လက်စုံစမ်းဖမ်းဆီးသွားမယ်လို့ ပြောဆိုတာတွေရှိတယ်လို့ ဒေသခံတွေဆီကနေ ဆက်လက်သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA အပြင် ညီနောင်မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ကိုလည်း ကွတ်ခိုင်မြို့ထဲမှာ တပ်ချခွင့်မပေးပဲ ပိတ်ပင်တာကနေ နှစ်ဖက်တပ်တွေကြား ပြဿနာတွေ ဖြစ်ပွားနေပြီး နှစ်ဖက်အခြေအနေ တင်းမာနေကြတာ လက်ရှိထိ ဖြစ်ပါတယ်။
ကွတ်ခိုင်မြို့ကို TNLA က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ အပြီးသတ်သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။
By – ဂျာဘောက်ရာ



