KBZPay ကို အကြောင်းပြပြီး လိမ်လည်မှုတွေ များလာတာကြောင့် အသုံးပြုသူတွေ စိုးရိမ်မှုမြင့်တက်
KBZ Pay ကို အကြောင်းပြပြီး ငွေလိမ်လည်သူတွေများလာတာကြောင့် အသုံးပြုသူတွေဟာ ငွေကြေးလုံခြုံရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
လက်ရှိ လူမှုကွန်ယက်စာမျက်နှာတွေမှာ “KBZPay Call Center ကပါ” ဆိုပြီး ဆက်သွယ်လာတဲ့ လိမ်လည်မှုတွေ များလာနေတာနဲ့အတူ တချို့အသုံးပြုသူတွေ KBZPay အကောင့်ဟက်ခံရတာ၊ငွေကြေးလိမ်လည်ခံရတဲ့ ဖြစ်ရပ်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် KBZPay အသုံးပြုသူတစ်ချို့အတွက် ကိုယ့်ရဲ့ငွေတွေကို ယုံယုံကြည်ကြည်နဲ့ ထည့်ထားဖို့ ပိုမိုခက်ခဲလာတယ်လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“KBZPay မှာ ပိုက်ဆံမသိမ်းရဲတော့ဘူး။ ထည့်ရင်တောင် ထောင်ဂဏန်းလောက်ပဲ ထည့်ရဲတယ်။ အများကြီးထည့်လိုက်ရင် ဘယ်အချိန်ပျောက်သွားမလဲဆိုပြီး စိုးရိမ်နေရတယ်။ ကိုယ့်ငွေတွေ ထည့်ထားရင်လည်း စိတ်မချဖြစ်နေတယ်။ ဒါကြောင့် အခုတော့ KBZPay မှာ ပိုက်ဆံမထည့်တော့ဘူး”လို့ သူက ပြောပါတယ်။
ဒါ့အပြင် လတ်တလောမှာ “KBZPay ကို အပြီးတိုင် ပိတ်သိမ်းပြီးဖြစ်တဲ့အတွက် အကောင့်ပိုင်ရှင်တွေ အနေနဲ့ ဘဏ်ကို လူကိုယ်တိုင် လာရောက်ဖြေရှင်းရမယ်” ဆိုတဲ့ စာတွေ လက်ခံရရှိထားတယ်ဆိုတဲ့ သတင်းတွေပါ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။
လူမှုကွန်ယက်ပေါ်မှာတော့ KBZPay ကို မကြာမီ အပြီးတိုင်ပိတ်သိမ်းတော့မယ်ဆိုပြီး အကောင့်ပိုင်ရှင်တွေ ဘဏ်ကို ကိုယ်တိုင်လာရောက်ဖြေရှင်းရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး KBZPay Call Center ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ အဲဒီသတင်းတွေဟာ ကောလဟာလသာဖြစ်ပြီး တရားဝင် ထုတ်ပြန်ထားတာမရှိဘူးလို့ ပြန်လည်ဖြေကြားထားပါတယ်။
“KBZPay ကို သီးသန့်ပိတ်သိမ်းတာမျိုးတော့ ကျွန်တော်တို့ဘက်က မရှိပါဘူး။ ဒါက ကောလဟာလဖြစ်ပါလိမ့်မယ်။ တရားဝင်ညွှန်ကြားချက်လည်း မရှိပါဘူး။ အကောင့်ပိုင်ရှင်တွေ ကိုယ်တိုင် ပိတ်သိမ်းဖို့ ဆက်သွယ်လာမှသာ ကျွန်တော်တို့ဘက်က လမ်းညွှန်ပေးရတာ ဖြစ်ပါတယ်”လို့ Call Center တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါပေမယ့် အကောင့်ပိုင်ရှင်တွေက ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စတွေ၊ ငွေရေးကြေးရေး မသမာမှုတွေနဲ့ ဆက်နွယ်နေပါက အကောင့်ကို ယာယီပိတ်ထားတာမျိုးတော့ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာတော့ ဗဟိုဘဏ်က KBZPay Level 1 အကောင့်တွေကို မသမာသူတွေက အချက်အလက်မှန်ကန်စွာ မဖြည့်ဘဲ ဖွင့်ကာ တရားမဝင်ငွေလွှဲပြောင်းမှုနဲ့ ငွေလိမ်လည်မှုတွေ ပြုလုပ်နေတဲ့အတွက် ဖြေရှင်းရလွယ်ကူစေရန် ဖျက်သိမ်းမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် Level 1 အသုံးပြုသူတွေဟာ Level 2 သို့ ပြန်လည်မြှင့်တင်ပြီး ဆက်လက်အသုံးပြုခဲ့ရတာလည်း ရှိခဲ့ပါတယ်။
လက်ရှိ ဆိုရှယ်မီဒီယာကတစ်ဆင့် ငွေလိမ်လည်နေသူတွေဟာ တခြားနိုင်ငံသားတွေမဟုတ်ဘဲ မြန်မာနိုင်ငံသားအချင်းချင်းဖြစ်နိုင်ကြောင်း၊ ကျားဖြန့်လုပ်ငန်းမှာ ၂ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့ဖူးတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပစ်မှတ်ထား လိမ်လည်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကိုတော့ ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့အတွက် ချန်လှပ်ထားကြောင်း သိရပါတယ်။
ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လိမ်လည်မှုတွေဟာ ကျားဖြန့်ကုမ္ပဏီတွေက တိုက်ရိုက်လုပ်နေတာမဟုတ်ဘဲ အဲဒီလုပ်ငန်းတွေမှာ အလုပ်လုပ်ခဲ့ဖူးသူတွေက အဖွဲ့တွေပြန်ဖွဲ့ပြီး ဖုန်း message တွေ၊ ဆိုရှယ်မီဒီယာအကောင့်တွေကတစ်ဆင့် လိမ်လည်မှုတွေ ပြုလုပ်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို လိမ်လည်သူတွေဟာ ဖုန်းအော်ပရေတာဝန်ထမ်းတွေ ဟန်ဆောင်တာ၊ ဖုန်း message တွေ ပို့တာတွေအပြင် ဆိုရှယ်မီဒီယာအကောင့်တွေကို ဟက်တာ၊ ဖုန်းတစ်ခုလုံးကို ဟက်တာ စတဲ့ နည်းလမ်းတွေကို အသုံးပြုနေကြပါတယ်။
ဒါပေမယ့် ဖုန်းတစ်ခုလုံးကို ဟက်တာနဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို ဟက်တာဆိုတဲ့ ပြဿနာတွေဟာ Android ဖုန်းတွေမှာသာ ဖြစ်နိုင်ပြီး iOS ဖုန်းတွေမှာတော့ အများအားဖြင့် မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။
KBZPay ဟာ မြန်မာနိုင်ငံမှာ အသုံးများဆုံး မိုဘိုင်းငွေကြေးဝန်ဆောင်မှု (Mobile Wallet) တစ်ခုဖြစ်ပြီး ကမ္ဘောဇဘဏ် (KBZ Bank)ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးအက်ပလီကေးရှင်း ဖြစ်ပါတယ်။
KBZPay ကို ၂၀၁၈ ခုနှစ် ဩဂုတ်လမှာ စမ်းသပ်အသုံးပြုမှုစတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ တရားဝင် အသုံးပြုနိုင်အောင် စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒီစနစ်ကို မိုဘိုင်းဖုန်းအက်ပလီကေးရှင်းအဖြစ် ဖန်တီးထားပြီး အသုံးပြုသူတွေဟာ ဖုန်းကနေတစ်ဆင့် ငွေသိမ်းဆည်းတာ၊ ငွေလွှဲတာ။ ငွေလက်ခံတာ၊ QR codeနဲ့ ငွေပေးချေတာအပြင် နောက်ထပ် ဖုန်းဘေလ်ဖြည့်တာနဲဲ့ငွေထုတ်ယူနိုင်တဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်တာလည်းဖြစ်ပါတယ်။
KBZPay ရဲ့ အဓိကရည်ရွယ်ချက်မှာ ဘဏ်ဝန်ဆောင်မှုမရရှိတဲ့နေရာတွေမှာ ပြည်သူတွေကို ဒစ်ဂျစ်တယ်နဲ့ငွေပေးချေမှုလုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ဖြစ်တယ်လို့ သိရပြီး ၂၀၂၀ နောက်ပိုင်းတွင် COVID-19 ကာလအတွင်း ငွေသားမသုံးဘဲ ငွေပေးချေမှုများ တိုးလာခြင်းကြောင့် KBZPay အသုံးပြုသူ ပိုများလာတာလည်းဖြစ်ပါတယ်။
တနိုင်ငံလုံးအတိုင်းတာနဲ့ ၂၀၂၅ ခုနှစ်အထိ KBZPay အသုံးပြုသူ ၁၉ သန်းကျော်ရှိလာပြီး ဆိုင်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အများအပြားမှာ အသုံးပြုနေတဲ့ မိုဘိုင်းငွေကြေးစနစ်တစ်ခုအဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။
ဒါ့ကြောင့် တစ်ဖက်မှာတော့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများ ကျယ်ပြန့်လာတာနဲ့အတူ ငွေကြေးလိမ်လည်တာ၊ အကောင့်ဟက်တာ ပိုအဖြစ်များလာနေတဲ့အတွက် အသုံးပြုသူများအကြား လုံခြုံရေးအပေါ် စိုးရိမ်မှု ပိုမြင့်တက်လာတာလည်းဖြစ်ပါတယ်။
By – Hope



