စင်းခန်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ရွှေဖောင်တွေလုပ်ငန်းရပ်နားထား
ကျေးရွာနေပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေရ
ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်နေရာတွေ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်နားထားပြီး မြစ်ကမ်းတစ်လျှောက်ရှိကျေးရွာတွေလည်း လေကြောင်းအန္တရာယ်သတိထားနေထိုင်ရတယ်လို့ သိရပါတယ်။
စင်းခန်းကျေးရွာအပါ နန့်ခုတ်၊ ဘိုတောင်း၊ မြလယ် စတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူတွေဟာ မတ်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် လေကြောင်းရန်စိုးရိမ်းနေရတယ်လို့ မြလယ်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“လေကြောင်းတိုက်ခိုက်ခံရမှုအဆိုးဆုံးက စင်းခန်းနဲ့ နန့်ခုတ်မှာပေါ့လေ။ အဲ့ကြောင့် ဒီကြောမှာရှိကြတဲ့ ရွာသားတွေက သတိထားပြီးနေနေရတယ်။ တစ်ချို့က အပြင်တောင်မထွက်ကြသေးဘူး။ အချင်းချင်းလည်း သတိထားပြီးနေထိုင်ကြဖို့ ပြောဆိုထားတာတွေလည်းရှိတော့ သက်ကြီးရွယ်အိုရှိတဲ့သူတွေဆို ရှောင်ထားရတဲ့အခြေအနေမှာကြုံနေရတယ်”လို့ပြောပါတယ်။
လက်ရှိမှာ မြစ်ကမ်းတစ်လျှောက်ရှိတဲ့ ကျေးရွာနေပြည်သူတွေက ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကျေးရွာတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြောဆိုဖို့တောင် ခက်ခဲတဲ့အခြေအနေမှာလည်း ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။
မတ်လ ၁၀ ရက်နေ့ စင်းခန်းတံတားအထက် မြစ်ကမ်းတစ်လျှောက်ကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စင်းနဲ့ ရွှေဖောင်ရှိတဲ့နေရာတွေကို တပြိုင်နက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ထဲမှာ ရွှေတူးဖော်နေတဲ့ ရွှေဖောင် ၁၀ စီးကျော် မီးလောင်ပျက်စီးသွားပြီးတော့ KNG ရဲ့ သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ရွှေဖောင်လုပ်သား ၃၀ နဲ့ ၅၀ ကြားမှာ အသက်သေဆုံးမှုရှိခဲ့တယ်လို့ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ရွှေဖောင်လုပ်တဲ့မြစ်ကမ်းတစ်လျှောက်ကို Y -12 ၊ ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ပျံဝဲတာတွေဆက်ရှိနေသေးတာကြောင့် လုံခြုံရေးအတွက်စိုးရိမ်ပြီး ပြည်သူတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ ခက်ခဲနေကြတယ်လို့ဆိုပါတယ်။
“စစ်ကြောင်းတက်တာတွေကမရှိသေးဘူး။ ဒါပမယ့် လေယာဉ်ကမနေ့ကအထိလာရောက်ပျံဝဲတာတွေရှိနေသေးတယ်။ ဒီကနေ့ကတော့ အခုချိန်အထိလာဝဲတာမရှိသေးဘူး”လို့အထက်ပါ မြလယ်ရွာအမျိုးသားကဆက်ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၃၀ နဲ့ ၅၀ ကြားရှိခဲ့ပြီး များသောအားဖြင့် ရွှေဖောင်အစီးလိုက်မီးလောင်ကျွမ်းတဲ့ မီးတွင်းထဲသေဆုံးခဲ့ရတဲ့အပြင် တစ်ချို့ရုပ်အလောင်းတွေက ရေထဲမျောပါသွားတယ်လို့ဆိုပါတယ်။
ဒါကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို တိတိကျကျပြန်လည်ဖော်ယူဖို့ ခက်ခဲခဲ့တယ်လို့ ဒေသခံပြည်သူတွေပြောပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်လုပ်ငန်းတွေကိုလည်း ရပ်နားထားကြတယ်လို့ နောက်ထပ် စင်းခန်းဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
“လက်ရှိတော့ ရွှေဖောင်လုပ်ငန်းတွေအကုန်လုံးရပ်နားထားကြသေးတယ်။ ခဏနားတာလား ဘယ်လိုအခြေအနေရှိလဲတော့သေချာမသိရဘူး”လို့ပြောပါတယ်။
စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်အစီးရေ ထောင်ဂဏန်းခန့်ရှိပြီး စစ်တပ်က အခွန်မရရှိတဲ့အတွက် KIA ရဲ့ ဝင်ငွေပိတ်ဆို့ပေးတဲ့သဘောနဲ့ အရပ်သားတွေကို လာရောက်ပစ်ခတ်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံပြည်သူတွေသုံးသပ်နေကြပါတယ်။
လက်ရှိ ရွှေဖောင်လုပ်ကိုင်နေတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁၁) နယ်မြေထဲပါဝင်ပြီး အဲဒီဒေသမှာ ကွပ်ကဲနေတဲ့ တပ်မဟာ၊ တပ်ရင်းတွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ပိုင်ခွင့်ပေးထားတာလည်းဖြစ်နိုင်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောဆိုထားတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



