တိုက်ပွဲသတင်း

ကွတ်ခိုင်မှာ တိုက်ပွဲပြင်းထန်နေပြီး TNLA စခန်းတစ်ချို့ ကိုးကန့်တပ်ဝင်စီးထား

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို ထိန်းချူပ်ထားတဲ့ TNLA ကို ကိုးကန့် MNDAA တပ်က ဒရုန်းတွေနဲ့စတင်တိုက်ခိုက်ပြီး လက်ရှိ မြို့ထဲက TNLA စခန်းတစ်ချို့ကို ကိုးကန့်တပ် ဝင်စီးထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

မတ်လ ၁၄ ရက်နေ့ ဒီမနက် ၉ နာရီလောက်ကစပြီး TNLA စခန်းတွေနဲ့ TNLA ရှိတဲ့နေရာတွေကို ကိုးကန့်ဘက်က ဒရုန်းတွေဗုံးကြဲတာ၊ မြေပြင်ကနေလည်းအင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ၄ ခုနဲ့တပြိုက်နက်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားလာတာလို့ ဒေသခံတွေဆီက ပြောပါတယ်။

နေ့လည်ပိုင်းအထိ မဟာမိတ်တွေဖြစ်ကြတဲ့ TNLA နဲ့ MNDAA တို့ကြား နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး မွန်းလွဲမိုင်း ၃ နာရီလောက်မှာတော့ သေနတ်သံတွေ ယာယီရပ်တန့်နေပေမယ့် ကိုးကန့်တပ်ရဲ့ဒရုန်းကြီးတစ်ချို့ အပေါ်မှာ ဆက်ပျံဝဲနေဆဲလို့ ကွတ်ခိုင်ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

တစ်နာရီလောက် ခဏရပ်သွားပြီး အခုတော့ ကိုးကန့်ရဲ့ ဒရုန်းကြီးတွေ ပျံဝဲနေတယ်။ အဲဒီဒရုန်းနဲ့ ဗုံးလိုက်ချနေတယ် အဓိက TNLA အထိုင်ချနေတဲ့ တပ်စခန်းမှာ ချတယ်။ ပြီးတော့ အရင် ကိုးကန့်တပ်ချခဲ့တဲ့နေရာ အခုတော့ TNLA ဝင်နေရာယူထားတဲ့ နေရာတွေကို လိုက်တိုက်ခိုက်နေတာဖြစ်တယ်။ ကိုးကန့် ရဲ့ ဒရုန်းတွေကို အောက်ကနေ TNLA က သေနတ်နဲ့ ပစ်ခတ်တာတွေကြောင့်လည်း သေနတ်သံတွေ ပိုဆူညံနေတာ။ လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

ကိုးကန့် MNDAA တပ်ဖွဲ့ဟာ အင်အားအလုံးအရင်းနှင့် စစ်ကြောင်း ၄ ကြောင်းခွဲပြီး ကွတ်ခိုင်မြို့ပတ်ပတ်လည်ကို စတင်ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်လာတာလို့ သိရပါတယ်။

ဒေသခံ‌တွေပြောချက်အရ ပထမဆုံး ကွတ်ခိုင်မြို့အဝင် မန်ပိန်းရွာနားက TNLA တပ်စခန်းကို ဒရုန်းနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့တွင်း အရင် MNDAA အထိုင်ချခဲ့တဲ့နေရာ လက်ရှိ TNLA ဝင်အထိုင်ချနေတဲ့ နေရာတွေအပြင် TNLA တပ်ချနေတဲ့ စခန်းတွေ၊ TNLA ရှိတယ်လို့ ယူဆရတဲ့ နေရာတွေနဲ့ ဆေးရုံကိုလည်း ဒရုန်းဗုံးချခဲ့တာလို့ ဆိုပါတယ်။

အဓိက ကွတ်ခိုင် ရပ်ကွက် ၈ ၊ ရပ်ကွက် ၄၊ ရပ်ကွက် ၆ ၊ ရပ်ကွက် ၇ တွေမှာ နှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်ပွားနေကာ ကွတ်ခိုင်မြို့ပြင် ဂါလိုင်ဘက်၊ နမ့်ဖတ်ကာ TNLA ရှိနေတဲ့ နေရာတွေနဲ့ မူဆယ်၁၀၅ မိုင်၊ ကျင်စန်းကျော့ စတဲ့နေရာတွေမှာလည်းနှစ်ဖက်တပ်တွေ တင်းမာနေတယ်လို့ သိရပါတယ်။

ကိုးကန့် MNDAA တပ်ဖွဲ့မှ ညီနောင်မဟာမိတ် ၃ ဖွဲ့ပူးပေါင်းအထိုင်ချနေတဲ့ စခန်းတွေမှာ TNLA တပ်သားတွေကို ဖမ်းဆီးချုူပ်နှောင်လိုက်တာတွေ၊ TNLA စခန်းတွေကို လက်နက်ချဖို့ ရာဇသံပေးတာတွေလုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

တအာင်းလွတ်မြောက်ရေးအမျိုးသားတပ်မတော် TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာတာကြောင့် ကွတ်ခိုင်မြို့တွင်း စျေးတန်းအားလုံးပိတ်သိမ်းကာ ဒေသခံတွေလည်း စိုးရိမ်ပြီး နေအိမ်တွင်းတွေမှာ ပုန်းအောင်းနေကြတယ်လို့ ပြောပါတယ်။

အစောကတည်းက တရုတ်ဒေသခံတချို့ကတော့ ကြိုသိထားပုံပဲ။ တရုတ်နှစ်သစ်ကူးပြီးတာနဲ့ အားလုံးကြိုတင်ရှောင်သွားကြတယ်။ အခုရှိနေတဲ့သူတွေက ကိုယ့်အိမ်တွေမှာပဲ ပုန်းအောင်းနေကြတယ်။ ကျနော်တို့ ဒေသခံတွေက တိုက်ပွဲဆက်ပြင်းထန်လာမှာ စိုးရိမ်တယ်။ မဟာမိတ်နှစ်ဖွဲ့ကြား ဖြစ်ပွားနေတဲ့ ပြဿနာဖြစ်တာကြောင့် ဒီထက်မကြီးအောင် အမြန်ဆုံး ညှိညှိနှိုင်းနှိုင်းလုပ်ပြီး အမြန်ပြေလည်သွားအောင် လုပ်ဖို့ တောင်းဆိုချင်တယ်။ ကိုးကန့်က ကွတ်ခိုင်ကိုသိမ်းပြီးစစ်တပ်က ပြန်ဝင်လာတာတို့ အဲလို ဇာတ်လမ်းရှုပ်လာမှာ အရမ်းစိုးရိမ်နေတယ် ပြည်သူတွေက။ လို့ ကွတ်ခိုင်ဒေသခံက ဆက်ပြောပါတယ်။

MNDAA နဲ့ TNLA မဟာမိတ် နှစ်ဖွဲ့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ကွတ်ခိုင်မြို့ နဲ့ နမ့်ဖတ်ကာမြို့တွေမှာ နေအိမ်ထိခိုက်ပျက်စီး မီးလောင်သွားတာတွေရှိပြီး ဒေသခံပြည်သူ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကာ ပြည်သူ ၃ ဦး သေဆုံးမှု ရှိတယ်လို့ စုံစမ်းသိရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ညက ကွတ်ခိုင်မြို့ရှိ MNDAA အထိုင်ချနေတဲ့ နေရာကို TNLA ဘက်မှ လာရောက်မောင်းထုတ်တာတွေ MNDAA တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကို TNLA ဖြုတ်သိမ်းလိုက်ပြီးနှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှု စတင်လာခဲ့တာဖြစ်ပါတယ်။

အဲဒီကစပြီး MNDAA က TNLA တပ်စခန်းတွေကို လိုက်လံမီးရှို့တာ၊ TNLA တပ်သားတွေကို ဖမ်းဆီးချူပ်နှောင်တာ၊ နှစ်ဖက် လမ်းပိုင်းတွေ ပိတ်ဆို့ကြာတာ၊ ရိက္ခာတင်ပို့မှု ပိတ်ဆို့ကြတာတွေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

MNDAA နဲ့ TNLA တင်းမာနေမှုကို TNLA ဘက်မှ FPNCC ထံ အကူအညီတောင်းထားတာတွေရှိပေမဲ့ FPNCC မှ လုပ်ငန်းလုပ်ဆောင်ခြင်းမရှိပဲ လက်ရှိမှာတော့ နှစ်ဖက်တပ်ဖွဲ့တွေ သေနတ်ပစ်ဖောက် တိုက်ပွဲဖြစ်ပွားလာတဲ့အဆင့်ထိ ပြဿနာက ကြီးထွားလာတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button