မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မြေရှား လုပ်သားများ၏ လုပ်ခလစာ ခေါင်းပုံဖြတ်ခံနေရမှုကို ဖြေရှင်းပေးရန် တောင်းဆို

မိုင်ဂျာယန် နဲ့ အင်ခေါင်းပါကျေးရွာကြားရှိ မြေရှားသတ္တုလုပ်ကွက်ထဲက အလုပ်သမားတွေ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှု နှင့် လစာပုံမှန် မရရှိမှု စသည့်အခြေနေတွေကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုနေကြပါတယ်။

တရုတ်နယ်စပ် မိုင်ဂျာယန် နဲ့ အင်ခေါင်းပါကြားက မြေရှားသတ္တုလုပ်ကွက်တွေမှာ မြေရှားလုပ်သားတွေဟာ တစ်လကို တရုတ် ယွမ်ငွေ ၂,၆၀၀ ကနေ ၃,၀၀၀ ရရှိရန်သတ်မှတ်ထားသော်လည်း လုပ်အားလခ တစ်ကြိမ်ရဖို့ ၅ လနီးပါး စောင့်နေရတယ်လို့ သိရပါတယ်။

မြေရှားလုပ်ကွက်မှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦး က လုပ်အားခ အမြန်မရတော့ ကြားထဲမှာ ချေးငှားစားပြီး ဝမ်းရေး ဖြေရှင်းရတယ်။ ကြားကလူတွေက တရုတ်တွေ မပေးသေးဘူးပဲ ပြောတာ။ ကျမတို့က တရုတ်စကားပြန် မတတ်ဘူး တိုက်ရိုက်မေးဖို့လည်း မရပြန် တစ်ခါတလေဆို ၄ လမှ တစ်ကြိမ် လစာထုတ်ပေးတာတို့ လုပ်တာ ဒါတောင် အပြည့်မပေးဘူး။ တကယ်လို့ တစ်လ ယွမ် ၃,၀၀၀ လစာရရမှာကို ပေးတဲ့ချိန်မှာလည်း ၃၊ ၄ လဟာကို တစ်ထောင်ပဲ အရင်ထုတ်ပေးတာတို့ လုပ်တာ။ ဆိုတော့ ကျမတို့လို အိမ်မှာ ကလေးတွေနဲ့ကျန်ခဲ့တဲ့ အမျိုးသမီးတွေအတွက် အရမ်းခက်တယ်။ လို့ မြေရှားလုပ်ငန်းမှာ အလုပ်လုပ်သူ မိုင်ဂျာယန်ဒေသခံ အမျိုးသမီး က ပြောပါတယ်။

လုပ်အားခ နဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီ နဲ့ အလုပ်သမားတွေကြားအဆင်ပြေစေရန် တရုတ် စကားပြန် (ဒါမှမဟုတ်) အလုပ်သမားခေါင်းဆောင်တွေမှာ အဓိက မူတည်နေပေမယ့် တရုတ်စကားတတ်တဲ့ သူတွေက ထပ်ဆင့်ခေါင်းပုံဖြတ်တာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။

မြေရှားလုပ်ကွက်တွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေအနေနဲ့ အခုလို လုပ်အားခ ခေါင်းပုံဖြတ်ခံရတဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့ မိုင်ဂျာယန်ရှိ KIO ရုံးဆီ အလုပ်သမားတချို့က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က သွားရောက်တိုင်တန်းဖူးပေမဲ့ အဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။

လစာရဖို့ အရမ်းခက်လို့ တစ်ခေါက်က KIO ရုံးဆီ သွားလျှောက်တယ်။ ကြားကလူတွေ အဲလို အရမ်းလုပ်စားလို့ KIO ကို သွားတိုင်တာ။ ဒါပေမဲ့ KIO က အဲလိုတောင် ပြောလိုက်သေးတယ်။ မင်းတို့ကို ငါလုပ်ခိုင်းတာလားဆိုပြီး လာလျှောက်တဲ့ အလုပ်သမားတွေကိုတောင် ပြန်တုံ့ပြန်လိုက်တာ။ ဒါကြောင့် ဘယ်မှာမှ အကူအညီတောင်းလို့မရတော့သလို အလုပ်သမားတွေက အရမ်းအားငယ်တယ်လို့ မြေရှားလုပ်ငန်းမှာ အလုပ်လုပ်သူ မိုင်ဂျာယန်ဒေသခံ အမျိုးသမီး က ဆက်ပြောပါတယ်။

မိုင်ဂျာယန် နဲ့ အင်ခေါင်းပါကြားမှာ အခုလို မြေရှားလုပ်ကွက်တွေအတွင်း အလုပ်သမားတွေ လုပ်အားလစာ ကောင်းမွန်စွာ မရရှိတဲ့ ပြဿနာတွေအပြင် တရုတ်ကုမ္ပဏီအောက် လမ်းခင်းလုပ်ငန်းတွေမှာလည်း အလုပ်လာရောက်လုပ်ကိုင်တဲ့ အလုပ်သမား တွေမှာလည်း သတ်မှတ်ထားတဲ့ လုပ်အားလခ မရရှိပဲ ခေါင်းပုံဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။

ဒါကြောင့် မြေရှားလုပ်ကွက်ရှိ အလုပ်သမားများ လုပ်အားလစာ ကောင်းမွန်စွာ မရရှိပဲ ခေါင်းပုံဖြတ်ခံနေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“KIO အနေနဲ့တော့ ပြည်သူတွေ ထိခိုက်နစ်နာမှု မရှိအောင် ကာကွယ်ဖို့နဲ့ ပြည်သူတွေ ကောင်းမွန်စွာ အသက်မွေးဝမ်းကျောင်း ပြုနိုင်ဖို့က KIO ရဲ့ မူပေါ်လစီအောက်မှာလည်း ရှိတယ်။ အခု အလုပ်သမားတစ်ဦး အဲဒီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တော့မယ်ဆို သဘောတူညီကြပြီး လုပ်ဆောင်ကြတာဖြစ်တယ်။ ဥပမာလစာ ဒီလောက် နှစ်ဖက်သဘောတူမှ လုပ်ကြတာဖြစ်တယ် ဆိုတော့ ပြောထားသလောက် လစာမရရင်တော့ ပြောလို့ရတယ်။ အခု မိုင်ဂျာယန်ဘက် အလုပ်သမားတွေ သွားပြောတယ်ဆိုတာက ဘယ်သူဘယ်လိုဖြစ်ကြလဲ ကျနော်တို့ ဗဟိုအထိတော့ ပြန်မကြားဘူး မသိရဘူး။ ဒါကြောင့် ကျနော့်အနေနဲ့ ပြောချင်တာက ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ကောင်းမွန်စွာအသက်မွေးဝမ်းကျောင်းပြုရေးကို ကာကွယ်ပေးဖို့က KIO မှာ တာဝန်ရှိသလို သူတို့ကိုယ်တိုင် အမှန်တကယ် ဒုက္ခရောက်နေတယ်ဆိုရင် KIO ဆီလာပြောပြီး ဖြေရှင်းယူလို့ရတယ်လို့ တိုက်တွန်းချင်ပါတယ်လို့ KIO ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ 

KIO အနေနဲ့လည်း ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိအောင် လုပ်ဆောင်ပေးဖို့ ကုမ္ပဏီတွေကို တိုက်တွန်း ပြောဆိုထားတယ်လို့ ပြောပါတယ်။

အလားတူ ပန်ဝါမြို့ဘက်မှာရှိတဲ့ မြေရှားသတ္တုလုပ်ကွက်တွေမှာလည်း တရုတ်ကုမ္ပဏီတွေနဲ့ ပိုမိုရင်းနှီးကျွမ်းဝင်တဲ့သူတွေက အလုပ်သမားအချင်းချင်း ပြန်ဖိနှိပ်တာ၊ ကြားထဲမှာနေတဲ့ တရုတ်စကားတတ်တဲ့ အလုပ်သမားတွေက အာဏာသုံးပြီး အလုပ်သမားတွေအပေါ် မငဲ့ညာ ဆက်ဆံတာမျိုးတွေလည်း ကြုံရတယ်လို့ မြေရှားသတ္တုအလုပ်သမားတွေက ပြောပါတယ်။

တချို့အလုပ်သမားခေါင်းဆောင်တွေက တရုတ်ဘက်အရမ်းပါပြီး အရမ်းလုပ်စားတယ်။ အရမ်းဆက်ဆံရခက်တယ်။ မြန်မာပြည်သားအချင်းချင်း အလုပ်သမားအချင်းချင်း အလေးမထားဘဲ တရုတ်ဘက်ပဲ ရပ်တည်တဲ့သူတွေ အများကြီးပဲလို့ ပန်ဝါမြေရှားသတ္တု လုပ်သားတစ်ဦးကလည်း ပြောပါတယ်။

ချီဖွေ၊ ပန်ဝါဒေသရှိ မြေရှားသတ္တုလုပ်ကွက်တချို့မှာလည်း အလုပ်သမားတွေ ဇန်နဝါရီလ လုပ်အားခကို ယခုမတ်လအထိ မရသေးတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းအားလုံးကို KIO က ထိန်းချုပ်ထားပြီး ဒီနောက်ပိုင်းမှာ မြေရှားကုမ္ပဏီတွေက လုပ်အားခ ပိုမိုလျော့ချလာတာကို တွေ့ရပြီး မိုင်ဂျာယန်နဲ့ အင်ခေါင်းပါကြား မြေရှားသတ္တုလုပ်ကွက်တွေ မှာ လုပ်အားခ ပိုမိုလျော့နည်းတာကို တွေ့ရပါတယ်။

ကချင်ပြည်နယ် နယ်စပ်တစ်လျှောက် ချီဖွေ၊ ပန်ဝါနဲ့ မိုးမောက်ဒေသ၊ မိုင်ဂျာယန်အင်ခေါင်းပါကြားဒေသတွေမှာ ၂၀၂၅ ခုနှစ်အထိ မြေရှားသတ္တုလုပ်ကွက်တွေ တိတိသာသာ တိုးမြှင့်လာခဲ့တယ်လို့ သိရပါတယ်။ 

နောက်ထပ် မိုးမောက်ဒေသမှာ ၂၀၂၁ ခုနှစ်က မြေရှားတူးဖော်ရေးလုပ်ငန်းခွင် ၉ ခုသာရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်ကုန်မှာတော့ ၄၀ ကျော်အထိ တိုးများလာခဲ့တယ်လို့  Global Witness ၂၀၂၄ မေလက အစီရင်ခံစာရဲ့အချက်အလက်အရ သိရှိရပါတယ်။

လေ့လာရေးအဖွဲ့တချို့ရဲ့ အစီရင်ခံစာအရ ကေအိုင်အို (KIO) ဟာ မြေရှားသတ္တု မက်ထရစ်တစ်တန်ကို တရုတ်ယွမ် ၃၅,၀၀၀ နှုန်းနဲ့ အခွန်ကောက်ခံနေသလို နယ်စပ်ဖြတ်ပြီး တင်ပို့တဲ့ မြေရှားသတ္တု ၁၀ မက်ထရစ်တန်တိုင်းအတွက် ၂ တန်ကိုလည်း အခွန်အဖြစ် ကောက်ခံနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေကြောင့် ကေအိုင်အိုက အခွန်အဖြစ်ရရှိတဲ့ မြေရှားသတ္တုတွေကို တရုတ်နိုင်ငံဘက်ကို ကိုယ်တိုင် တိုက်ရိုက် ရောင်းချနေတယ်လို့လည်း ခန့်မှန်းထားပါတယ်။

အစီရင်ခံစာအရ တရုတ်နိုင်ငံရဲ့ မြေရှားသတ္တုလုပ်ငန်းဆိုင်ရာ အသင်းတစ်ခုဖြစ်တဲ့ Shitu Shewei, Shewei Huisheng ဟာ ဒေသခံအလုပ်သမားတွေနဲ့ တရုတ်လုပ်ငန်းရှင်တွေကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေကို ကြားဝင် ညှိနှိုင်းပေးနေတယ်လို့ ဆိုပါတယ်။

အဲဒီအသင်းဟာ ယူနန်ပြည်နယ် တိန်ချန်းမြို့မှာ ရုံးခန်းဖွင့်ထားပြီး တရုတ်ပိုင်ကုမ္ပဏီတွေနဲ့လည်း နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ISP Myanmar ရဲ့ဖော်ပြချက်အရ ကချင်ပြည်နယ် ချီဖွေနဲ့မိုးမောက်မြို့နယ်တွေမှာ မြေရှားလုပ်ကွက်ပေါင်း ၃၇၀ ထက်မနည်း၊ သတ္တုပျော်ရည်ကန် ၂၇၀၀ ထက်မနည်းရှိနေတယ်လို့အစီရင်ခံစာမှာဖော်ပြထားပြီး အဲဒီထဲက ၂၄၀ ကျော်ဟာ အာဏာသိမ်းပြီးနောက် ချဲ့ထွင်လာတဲ့လုပ်ကွက်တွေဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံက မြေရှားထုတ်လုပ်မှုဟာ ၂၀၁၈ ခုနှစ် ၅,၀၀၀ တန်၊ ၂၀၁၉ ခုနှစ်မှာ ၂၅,၀၀၀ တန်၊ ၂၀၂၀ ပြည့်နှစ် ၃၀,၀၀၀ တန်၊ ၂၀၂၁ ခုနှစ်မှာ ၂၆,၀၀၀ တန် အသီးသီးထုတ်နိုင်ခဲ့ပြီး ကမ္ဘာ့မြေရှားထုတ်လုပ်မှုမှာ () နှစ် ဆက်တိုက် တတိယအများဆုံးနိုင်ငံ ဖြစ်နေကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနရဲ့ အစီရင်ခံစာအရ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းကနေ ထုတ်ယူရရှိခဲ့တဲ့ မြေရှားသတ္တုက ပမာဏ မက်ထရစ်တန်ချိန် ၂၆၀၀၀ ခန့် ရှိပြီး တရုတ်နိုင်ငံက အဓိက ဝယ်ယူနေပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button