သတင်း

ကွတ်ခိုင်မြို့ ကိုးကန့်ထိန်းချုပ်လိုက်ပြီး‌ နယ်မြေရှင်းလင်းရေးဟုဆိုကာ ဒရုန်းနဲ့တိုက်ခိုက်တာတွေ ဆက်လုပ်နေ

ကွတ်ခိုင်မြို့နယ်အားလုံးကို ကိုးကန့်တပ် MNDAA တပ်က သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး‌ နယ်မြေရှင်းလင်းရေးဟုဆိုပြီး မြို့ပြင်တွေမှာ ဒရုန်းနဲ့ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကွတ်ခိုင်မြို့တွင်းနဲ့ မြို့ပြင်တွေမှာ TNLA တပ်ချထားတဲ့နေရာအားလုံးကို ကိုးကန့် တပ် MNDAA က ဒရုန်းဗုံးကြဲချပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီး မတ်လ ၁၅ ရက်နေ့မှာတော့ ကွတ်ခိုင်တစ်မြို့နယ်လုံး MNDAA လက်ထဲ ရောက်ရှိသွားပြီလို့ ပြောပါတယ်။

ကွတ်ခိုင်မြို့အားလုံးနဲ့ နမ့်ဖတ်ကာမှာရှိတဲ့ TNLA စခန်းအားလုံးကို MNDAA သိမ်းလိုက်ပြီ။ အခုထိ နယ်မြေရှင်းလင်းရေးဆိုပြီး မြို့ပြင်တအာင်း(ပလောင်)ရွာတွေမှာ TNLA တွေကို လိုက်လံတိုက်ခိုက်နေဆဲ ဖြစ်တယ်။ ခုထိ မြို့ပြင်တွေမှာ ဒရုန်းဗုံးသံတွေ ကြားရတုန်း။ နမ့်ဖတ်ကာကနေ နမ့်ခမ်းဘက်သွားလမ်းဘက်မှာလည်း TNLA ရှိတဲ့ နေရာတွေကို MNDAA က ဒရုန်းဗုံးလိုက်ချပြီး တိုက်ခိုက်နေတယ်ဟုနမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကွတ်ခိုင်မြို့ရှိ TNLA တပ်စခန်းတွေ၊ ဌာနဆိုင်ရာရုံးတွေအားလုံးကို MNDAA သိမ်းပိုက်ပြီး မြို့ပြင်တွေမှာရှိတဲ့ ဂိတ်တွေ၊ စခန်းတွေကိုပါ လိုက်လံတိုက်ခိုက်ကာ ကွတ်ခိုင်ကို MNDAA ရယူလိုက်ပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ နမ့်ဖတ်ကာနဲ့ နမ့်ခမ်းကြား နေရာတွေနဲ့ နမ့်ခမ်းမြို့နဲ့ နီးကပ်စွာ MNDAA က ဒရုန်းတွေနဲ့ လိုက်လံဗုံးချနေပြီး နမ့်ခမ်းမြို့ဘက်ကိုဦးတည်ပြီး TNLA ကို တိုက်ခိုက်နေဆဲလို့ သိရပါတယ်။

မတ်လ ၁၆ ရက်နေ့ ဒီမနက်ထိ ကွတ်ခိုင်မြို့တွင်းနဲ့ မြို့ပြင်တွေမှာ TNLA တပ်သားတွေကို လုံး၀မတွေ့ရတော့ပဲ MNDAA ကလည်း တွေ့တဲ့ TNLA တပ်သားတွေကို ပစ်သတ်ထားတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင်နမ့်ဖတ်ကာမူဆယ် ကားလမ်းမတစ်ကြော TNLA ဂိတ်တွေအားလုံး ဆုတ်သွားပြီး MNDAA က အားလုံး နေရာယူလိုက်ပြီ။ အခုအခြေအနေက MNDAA က သေချာကို အစီအစဉ်ဆွဲပြီးလုပ်တဲ့ပုံဖြစ်တယ်။ TNLA ကို တိုက်ထုတ်လိုက်ရင်း KIA ကို လည်း ချူပ်ကိုင်လာနိုင်တယ်လို့မြင်တယ်။ နမ့်ဖတ်ကာက KIA လက်ထဲမှာဆိုတော့ ဒေသခံတွေက စိုးရိမ်နေတယ်။ ဒီပြည်ထောင်စုလမ်းမ တစ်ကြောမှာ နမ့်ဖတ်ကာတစ်ခုပဲ ကြားထဲမှာ ညှပ်နေပြီဆိုတော့ စိုးရိမ်နေပါတယ်ဟု နမ့်ဖတ်ကာဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့လုံး စုပေါင်းထိုင်တဲ့ ၁၀၅ မိုင် နဲ့ ကျင်စခန်းကြော့ ဂိတ်တွေမှာ TNLA တပ်သားတွေကို MNDAA ဖမ်းဆီးချူပ်နှောင်လိုက်ပြီး ပြည်ထောင်စုလမ်းမတစ်ကြောရှိ TNLA ကို တိုက်ထုတ်ရှင်းလင်းနေခြင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ၉ ခွဲကစပြီး MNDAA စစ်ကြောင်း ၄ ခုနဲ့ မြေပြင်ထိုးစစ်အပြင် ဝေဟင်က ဒရုန်းဗုံးအဓိကအသုံးပြုပြီး ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နောက်နေ့မှာပဲ ကွတ်ခိုင်အားလုံးကို ထိန်းချူပ်လိုက်တာဖြစ်ပါတယ်။

ကွတ်ခိုင်ကို TNLA လက်ထဲမှ MNDAA သိမ်းပိုက်မှုအပြီး ကိုးကန့်တပ် MNDAA နဲ့ စစ်ကော်မရှင်တပ်တို့ကြား လားရှိုးမြို့မှာ တွေ့ဆုံမှုလည်း ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အသေးစိတ်ကိုတော့ KNG သတင်းဌာနမှ အတည်မပြုနိုင်သေးပါဘူး။

ဒေသခံတွေပြောဆိုသုံးသပ်ချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ကွတ်ခိုင်မြို့ MNDAA ရုံးကို TNLA မောင်းထုတ်ခဲ့ပြီး CCTV တွေကို ဖြုတ်သိမ်းခဲ့ရာမှ နှစ်ဖက်တပ်ကြား ပြဿနာအစဆိုတာ အမည်ခံခေါင်းစဉ်တစ်ခုသာဖြစ်ပြီး နောက်ကွယ်မှာ ကွတ်ခိုင်ကိုသိမ်းပိုက်ဖို့ MNDAA ဆီမှာ စီမံထားချက်ရှိပြီးသားဖြစ်တယ်လို့ ဆိုကြပါတယ်။

လက်ရှိ စစ်ကော်မရှင်တပ်ကလည်း မူဆယ်မြို့နဲ့ လားရှိုးမြို့ နှစ်မြို့မှာ စစ်အင်အားတွေ ဖြည့်တင်းပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင်တိုက်ပွဲဖြစ်ပွားလာဖို့ နောက်ကွယ်မှာ စစ်ကော်မရှင်နဲ့ တရုတ်အစိုးရ၊ ကိုးကန့်တပ်တို့ကြား ညှိနှိုင်းထားမှု ရှိနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button