သတင်း

ဥရုနေ့စဉ်သတင်းဌာနရဲ့ အယ်ဒီတာ ကိုတာလင်းမောင်ဖမ်းခံရ 

ဖားကန့်ဒေသအခြေစိုက်ဖြစ်တဲ့ Uru Daily News – ဥရုနေ့စဉ်သတင်းဌာနရဲ့ အယ်ဒီတာဖြစ်သူ ကိုတာလင်းမောင်ကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

ကိုတာလင်းမောင်ဟာ ဒီကနေ့ ညနေပိုင်း ၄ နာရီခွဲအချိန် ဆိုင်းတောင်သွားတဲ့လမ်းမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူးလို့ ဖားကန့်ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောပါတယ်။

တာလင်းမောင်ဆိုင်တောင်မှာ ညနေက ဖမ်းဆီးခံရတယ်ဆိုတာက သိထားရတယ်။ ဘယ်သူဖမ်းတယ်ဆိုတာက သေချာမသိရသေးတာဖြစ်တယ်။ ကျနော်တို့ဘက်လည်း စုံစမ်းနေဆဲဖြစ်ပါတယ်။ အခုက PDF တွေက ဝိုင်းဖမ်းတယ်လို့တော့ပြောနေကြတယ်လို့ပြောပါတယ်။

လက်ရှိအချိန်အထိ ဘယ်အဖွဲ့အစည်းက ဖမ်းဆီးသွားတာကို မသိရသေးသလို ဘာကြောင့် ဖမ်းဆီးခံရတဲ့ အခြေအနေ အကြောင်းစုံလည်းမသိရသေးတာဖြစ်တယ်လို့ ပြောပါတယ်။

ကိုတာလင်းမောင်းဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖားကန့်ဒေသအခြေအစိုက် ပြည်သူတစ်ချို့က ရေးသားဖော်ပြနေတာလည်း မြင်တွေ့ရပါတယ်။

ကိုတာလင်းမောင်ဟာ အာဏာမသိမ်းခင်က ဖားကန့်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနဝန်ထမ်းဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် CDM လုပ်ကာအလွတ်တန်းသတင်းထောက်အဖြစ် ရပ်တည်နေသူဖြစ်ပြီး Red News Agencyသတင်းဌာနသို့ သတင်းအများဆုံးပေးပို့ပြီး အခြားသတင်းဌာနများကိုလည်းပေးပို့သူဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့မှာမှာလည်း KIA ရဲ့ဖမ်းဆီးခြင်းခံရပြီး အောက်တိုဘာလ ၂၇ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ပြန်လည်လွတ်မြောက်လာတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button