ဖားကန့်မှာ မြေစာပုံပြိုကျပြီး ရေးမဆေးသမား ၅ ဦးသေဆုံး
ဖားကန့်မြို့နယ် မှော်ဆီစာရပ်ကွက်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်တူးသမား ၅ ဦးထက်မနည်းသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဉ်မှာ ဒီကနေ့ မတ်လ ၁၇ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲလောက်မှာ မှော်ဆီစာရပ်ကွက်ရှိ စိန်စိန်ကျင်း ကျောက်စိမ်းလုပ်ကွက်ဟောင်းနေရာမှာ မြေစာပုံပြိုကျမှုဖြစ်ပြီး သေဆုံးမှုဖြစ်ခဲ့တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“မှော်ဆီစာ စိန်စိန်လုပ်ကွက်ဟောင်းမှာဖြစ်တယ်။ အခုတလောမိုးလည်းရွာတော့ မြေပျော့လို့ထင်တယ်။ အပေါ်ကနေ ကမ်းပါးပြိုကျလာတာ။ အောက်မှာ ကျောက်တူးနေတဲ့ သူတွေပါသွားတာ”လို့ပြောပါတယ်။
မြေပြိုကျမှုဖြစ်ပြီး ညနေပိုင်းမှာပဲ မြေပြိုကျမှုထဲမှာ ပါသွားတဲ့ ရေမဆေးသမား ၅ ယောက်ရဲ့ ရုပ်အလောင်းကို ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ရေမဆေးသမား ၅ ယောက်ထဲမှာ တစ်ဦးက ကချင်လူငယ်ဖြစ်ပြီး ကျန် ၄ ဦးက ဘယ်သူဘယ်ဝါဖြစ်ကြောင်း အသေးစိတ်မသိရသေးဘူးလို့ပြောပါတယ်။
လက်ရှိ ကမ်းပါးပြိုကျမှုဖြစ်သွားတဲ့ မြေစာပုံနေရာဟာ ပြီးခဲ့တဲ့ ၂၀၂၄ – ၂၀၂၅ ခုနှစ်အတွင်း တွန်ချထားတဲ့ မြေစာပုံဟောင်းနေရာ ပြိုကျသွားတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီသေဆုံးမှုထဲမှာ ရေမဆေးကျောက်တူးသမားတွေအပါ ကုမ္ပဏီလုပ်သားတစ်ချို့လည်းပါဝင်တယ်လို့ သတင်းအရင်းအမြစ်တွေပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာလည်း ဖားကန့် ကုဋေမှော် တစ်သုံးလုံးလုပ်ကွက်ထဲ မြေစာပုံပြိုကျမှုဖြစ်ပြီး ရေမဆေးသမား ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လကလည်း ဆိပ်မူ ကျေးရွာအုပ်စု ဖားပြင်ရွာအနီး ကမ်းပါးပြိုကျခဲ့တဲ့အတွက် YTT ရတနာတောင်တန်းလုပ်ကွက်က ကုမ္ပဏီဝန်ထမ်း ၂၀ ကျော်၊ ၂၀၂၃ ခုနှစ် ဖားကန့်မြို့နယ် မနကျေးရွာအနီးမှာရှိတဲ့ မြေဇာပုံ မနေ့က ပြိုကျမှု ၂၅ ဦးထိရှိခဲ့ပါတယ်။
အလားတူ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ ဝေခါမှော် မြေပြိုမှုမှာ လူ ၁၇၀ ကျော်သေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။
ခုလို ဖားကန့်မှာနှစ်စဉ်နှစ်တိုင်းမြေစာပုံပြိုကျမှုကြောင့် လူတွေ မကြာခဏ သေဆုံးရကြရတာဟာ အာဏာပိုင်တွေဘက်က တာဝန်မဲ့ကျောက်စိမ်းတူးဖော်တာတွေကို အရေးယူဖို့ ပျက်ကွက်လို့ဖြစ်တယ်ဆိုပြီး Global Witness ခေါ် နိုင်ငံတကာ သဘာဝသံယံဇာတအရေး စောင့်ကြည့်ရေးအဖွဲ့နဲ့ သဘာဝ ပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတွေက ဝေဖန် ပြောဆိုကြပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



