တအောင်းနဲ့ကိုးကန့်တွေ့ဆုံမှု ၂ ရက်ကြာမြင်လာတဲ့အထိ အဖြေမသိရသေး
တအာင်း(TNLA) တပ်နဲ့ ကိုးကန့်တပ် MNDAA တို့ တွေ့ဆုံဆွေးနွေးမှု နှစ်ရက်ကြာမြင့်လာတဲ့အထိ အဖြေမသိရသေးဘူးလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ကွတ်ခိုင်မြို့နယ်ကို MNDAA ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မှုအပြီး လောက်ကိုင်မြို့မှာ MNDAA နဲ့ TNLA တို့ တွေ့ဆုံဆွေးနွေးမှုလုပ်နေပေမဲ့ မတ်လ ၁၉ ရက်နေ့ ဒီမနက်ပိုင်းအထိ အဖြေမသိရသေးဘူးလို့ PSLF/TNLA က ပြောဆိုပါတယ်။
“လောလောဆယ်ကတော့ သွားရောက်ဆွေးနွေးတဲ့ကိုယ်စားလှယ်တွေလည်း ပြန်မရောက်သေးဘူး။ ဆွေးနွေးပွဲရလဒ်ကလည်း အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။”လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မတ်လ ၁၇ ရက်နေ့ကစပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့် MNDAA တပ်တို့အကြား လောက်ကိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။
ကိုးကန့် MNDAA နဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ကြား လောက်ကိုင်မှာ တွေ့ဆုံဆွေးနွေးနေတဲ့နေ့ကစပြီး နှစ်ဖက်တပ်ကြား မြေပြင်မှာ အပစ်ရပ်ထားတာကာ ကိုးကန့်ဖမ်းဆီးထားတဲ့ TNLA တပ်သား တုံ့ပန်းတချို့ကိုလည်း ပြန်လွှတ်ပေးတာတွေရှိတယ်လို့ ဆက်လက်သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မနက်ကစပြီး ကိုးကန့် MNDAA က စစ်အင်အားအလုံးအရင်းနဲ့ ၎င်းရဲ့ မဟာမိတ်အဖွဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို သိမ်းပိုက်ထိန်းချူပ်လိုက်တာဖြစ်ပါတယ်။
ကွတ်ခိုင်ကိုထိန်းချူပ်ထားတဲ့ တအာင်း(ပလောင်) TNLA ကို ကိုးကန့်တပ် MNDAA ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ဒါဟာ မိတ်ဆက်ပြဿနာလို့သာTNLA က ရှုမြင်ပြီး ဆွေးနွေးမှုတွေနဲ့ အဖြေရှာကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ကာ လက်ရှိထိ နှစ်ဖက်တပ်ဟာ မဟာမိတ်အဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“ကျမတို့က ဒီကိစ္စကို အဓိက ကိုင်တွယ်ပြီးဆွေးနွေးနေပါတယ်။ လောလောဆယ်ကတော့ အပစ်ရပ်နိုင်တဲ့ အနေအထားတော့ရှိပါတယ်။ လူထုတွေအနေနဲ့ ဝန်ထုတ်ဝန်ပိုး မဖြစ်ရလေအောင် တစ်ဖက်မှာလည်း တိုက်ပွဲတွေ ဆက်လက်မကြီးပွားဖို့ ကျမတို့အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ လောလောဆယ်ကတော့ ကျမတို့ဟာ ဒီပြဿနာကို မိတ်ဖက်ပြဿနာလို့ပဲ ရှုမြင်ပြီး မိတ်ဖက်တွေ့ဆုံဆွေးနွေးရေးကိုပဲ အဓိက ဆောင်ရွက်နေဆဲဖြစ်တာကြောင့် လောလောဆယ်ကတော့ မဟာမိတ်အနေနဲ့ ဆက်ရှိနေဆဲဖြစ်ပါတယ်။”လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးက ဆက်ပြောပါတယ်။
ဒေသခံတွေပြောဆိုချက်အရ ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်သံတွေတော့ ငြိမ်သက်နေပြီဖြစ်ပေမဲ့ မြေပြင်မှာ တအာင်း(ပလောင်) TNLA တပ်ဖွဲ့တွေကို ကိုးကန့်တပ်က လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ၊ အရပ်ဝတ်ထားတဲ့ ပလောင်စစ်သားတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ကိုးကန့်တပ်ဟာ TNLA ကို ဒရုန်းစစ်ဆင်ရေးနဲ့ အဓိက တိုက်ခိုက် ဗုံးကြဲခဲ့တာကြောင့် ကိုးကန့်တပ် MNDAA ဒရုန်းလက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ခန့်မှန်းဦးရေ ၁၀ ဦးထက်မနည်း ရှိခဲ့ကာ အရပ်သားနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ရှမ်းမြောက် လားရှိုး– မူဆယ် ပြည်ထောင်လမ်းမ ပြန်လည်ဖွင့်လှစ်ရေးနဲ့ တရုတ်နိုင်ငံ ယူနန်ကနေ ရှမ်းမြောက်ကိုဖြတ်ပြီး ကျောက်ဖြူအထိ ရထားလမ်းဖောက် စတင်နိုင်ဖို့ စစ်တပ်နဲ့ တရုတ်က စီမံကိန်းစတင်ဆောက်ရွက်နေခြင်းဖြစ်တယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောဆိုသုံးသပ်နေတာဖြစ်ပါတယ်။
ဒါကြောင့် အဓိက တရုတ်နဲ့ စစ်ကော်မရှင်တပ်က ကိုးကန့်တပ် MNDAA နဲ့ အဓိက ဆွေးနွေးကာ အခုလို TNLA ကို ပစ်ခတ်တိုက်ခိုက်လာဖို့ကိုလည်း တရုတ်အစိုးရနဲ့ စစ်တပ်က အဓိကကြိုးကိုင်နေခြင်းဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။
ရှမ်းမြောက်ရှိ ဒေသခံပြည်သူတွေကတော့ စစ်ရေး၊ နိုင်ငံရေးအရှုပ်တွေကြား အခြေအနေမတည်ငြိမ်မှုတွေနဲ့ ရှမ်းမြောက်ဘယ်လို ဆက်ဖြစ်လာမလဲ စိုးရိမ်မှုတွေ မြှင့်တက်နေကြတာဖြစ်ပါတယ်။
By – ဂျာဘောက်ရာ



