ကသာမြို့လယ်ခေါင် ဗုံးကြဲခံရ၊ သေဆုံးဒဏ်ရာရသူတွေများနိုင်တယ်လို့ဆို
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်လို့ အမည်ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က ဒီမနက် ၁၁ နာရီဝန်းကျင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးဒဏ်ရာ ရသူတွေများနိုင် တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံတစ်ဦးကတော့ သံဃာတော်တစ်ပါးအပါအဝင် အမျိုးသမီး ၂ ဦး၊ နဲ့ အမျိုးသားတစ်ဦးတို့သေဆုံးကြောင်း အတည်ပြုလာ ပြီး အဆိုပါဘုန်းကြီးကျောင်းမှာစစ်ဘေးရှောင်အများအပြားခိုလှုံနေသလို သံဃာတော်တွေလည်းရှိနေသေးတာကြောင့် သေဆုံး ဒဏ်ရာရသူတွေများနိုင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြို့သိမ်းတိုက်ပွဲကြောင့် ဘေးလွှတ်ရာကိုစစ်ရှောင်နေကြရတဲ့ ကျောင်းသား/သူ တွေဟာ စာမေးပွဲဖြေဖို့ မြို့ကိုပြန်လာကြ ပြီး အဲ့ဒီကျောင်းသား/သူတွေထဲကတချို့လည်းသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
“သေဆုံးတဲ့သူတွေထဲ ကျမအသိတွေပါတာပေါ့။ သူတို့က ရှောင်နေပြီးသား။ စာမေးပွဲဖြေဖို့ပြန်သွားတဲ့။ အခုက သိရသလောက် ကျောင်းသူ တစ်ဦးသေတယ်။ အမျိုးသမီးတစ်ဦးသေတယ်။ တက်တူးထိုးတဲ့ရပ်ကွက် ၅ က လူငယ်တစ်ယောက်လည်း ခေါင်းပွင့် ပြီးသေသွားတယ်တဲ့။ ပြီးတော့ ဦးဇင်းတစ်ပါးပျံတော်မူတယ်။ ပြီးတော့သေဆုံးသူကများမှာပဲ ကျောင်းဆောင်ကြီးမီးလောင် သွားတာဆိုတော့”လို့ ဘေးလွှတ်ရာမှာစစ်ဘေးရှောင်နေတဲ့ ကသာမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ကသာမြို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကတည်းက တော်လှန်ရေးအင်အားစုတွေကသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေးဆင် နွှဲနေတာဖြစ်ပြီး ဒီရက်ပိုင်းမှာလည်းတိုက်ပွဲတွေပြင်းထန်နေတာလို့သိရပါတယ်။

တိုက်ပွဲကာလ ၃ လနီးပါးကြာမြှင့်လာတာနဲ့အတူ ဘေးလွှတ်ရာမှာစစ်ဘေးတိမ်းရှောင်နေကြရင်းအဘက်ဘက်က ကြပ်တည်းလာ တဲ့အခြေနေတွေအပါအဝင် ကသာမြို့ခံတချို့ကလည်း အတန်းတင်စာမေးပွဲဖြေဖို့အကြောင်းအရင်းနဲ့အတူ အကြောင်းအမျိုးမျိုး ကြောင့် မြို့တွင်းကိုပြန်ဝင်လာကြသူတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။
အဆိုပါ အကြောင်းအမျိုးမျိုးနဲ့မြို့ထဲပြန်ဝင်လာကြတဲ့ဒေသခံတွေအပါအဝင် စစ်ဘေးရှောင် အများစုဟာ လေးထပ်ကျောင်းမှာ ခိုလှုံနေကြပြီး ဒါကြောင့် ဒီကနေ့လေကြောင်းတိုက်ခိုက်ခံရမှုမှာသေဆုံးဒဏ်ရာရတာတွေများပြားနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။
“တချို့သောဝါဒဖြန့်တဲ့သတင်းတွေကိုမယုံပါနဲ့လို့။ တိုက်ပွဲဖြစ်ပြီဆိုရင် နေလို့ရတဲ့အပိုင်းလေးဟာ ခဏယာယီပဲဖြစ်တယ်ပေါ့ နော်။ တိုက်ပွဲအရှိန်ပြင်းထန်လာရင် နေရာအားလုံးဟာအန္တရာယ်မကင်းဘူး။ လေယာဥ်၊ လက်နက်ကြီး၊ ကျည်ဒဏ် အကုန်လုံးက စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ လေးထပ်ကျောင်းကလည်းထောင်နဲ့နီးတယ်။ ထောင်တစ်ဝှိုက်ကလည်း သူတို့စိုးမိုးထားတဲ့ နေရာတွေပဲ။ စစ်ရှောင်တွေလေးထပ်ကျောင်းမှာနေတယ်ဆိုတာကလည်း သူတို့စစ်ကောင်စီတွေအဝင်အထွက်လုပ်နေတဲ့နေရာ တွေပါဘဲ။ အဲ့တာကိုကြဲသွားတယ်ဆိုတော့ လူမဆန်တဲ့လုပ်ရက်လို့မြင်ပါတယ်။ စစ်ရှောင်ရှိတယ်ဆိုတာသိလျှက်နဲ့ တမင် လုပ်သွားတာပေါ့နော်”လို့ ကသာမြို့ကကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ လေးထပ်ကျောင်းဟာ ကသာမြို့လယ်ခေါင်တည့်တည့်မှာတည်ရှိပြီး ဘုန်းကြီးကျောင်းနဲ့
မျက်နှာချင်းဆိုင်မှာ ကသာမြို့အကျဥ်းထောင်ရှိသလို အဲ့ဒီရပ်ကွက်တွေ တစ်ဝှိုက်ကိုလည်း စစ်ကော်မရှင်ကထိန်းချုပ်ထားဆဲ နေရာလို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ တော်လှန်ရေးအင်အားစုတွေကို ကသာမြို့ကိုသိမ်းပိုက်ဖို့ထိုးစစ်ဆင်နွှဲခဲ့ပြီး တစ်လကြာနှစ်ဖက်ပစ်ခတ်မှုတွေရှိပြီးတဲ့နောက် တိုက်ပွဲတွေပြန်လည်ငြိမ်သက်နေရာကနေ ဒီရက်ပိုင်းမှာပဲတိုက်ပွဲတွေပြန် ဖြစ်နေတာ လို့သိရပါတယ်။
ကသာမြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်PDF၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နဲ့ နွေဦး တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု SRA တို့ ပူးပေါင်းတိုက်ခိုက်နေတာလို့သိရပါတယ်။
By – အမိုး



