မြစ်ကြီးနားမှာ ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်ခုတွေ့
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ အာဟာရပြတ်ပြီးသေဆုံးနေတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်ခုကိုတွေ့ရှိခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို မတ်လ ၂၂ ရက် မနေ့ည မနက် ၈နာရီ ၄၅မိနစ်အချိန် ရမ်ပူရပ်ကွက် နယ်မြေ ၂၁ က ခြံအလွတ်တစ်ခုမှာတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့သိရှိရပါတယ်။
ရုပ်အလောင်းကိုကြည့်ခြင်းအားဖြင့် သေဆုံးတာ ရက်အနည်းငယ်ကြာနေပြီလို့ယူဆရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက KNG ကို ခုလိုပြောပြပါတယ်။
“ကြာပြီနဲ့တူတယ် ဘာလို့လဲဆိုရင် ရှေ့ညက မိုးရွာထားတဲ့အရှိန်နဲ့ဆိုတော့ ခြေထောက်တွေလည်း မာတောင့်နေပြီ။ သေသွားတာ နည်းနည်း ကြာပြီပြောလို့ရတယ်”လို့ဆိုပါတယ်။

သေဆုံးသွားတဲ့သူဟာ သတ်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရှိရပြီး မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်နိုင်တယ်လို့လည်း သုံးသပ်ကြပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတဲ့အတွက် မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့ ပိုင်ရှင်မဲ့အနေနဲ့ ရာဒါကောင်းသုသာန်မှာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ရမ်ပူရပ်ကွက်ဟာ မြစ်ကြီးနားမြို့ထဲက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု အမြင့်မားဆုံးပြုလုပ်နေတဲ့ ရပ်ကွက်ဖြစ်ပြီး ခုလို အိမ်ခြေယာမဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်း မကြာခနသေဆုံးနေတာ ဖြစ်ပါတယ်။
ရပ်ကွက်နေပြည်သူတွေက မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကြောင်း အဖက်ဖက်ကနေ စိုးရိမ်နေရပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ အရေးယူဖမ်းဆီးတာမျိုး ဒီနေ့ထိမရှိသေးဘူးလြို ရမ်ပူရပ်ကွက်နေ ပြည်သူတွေပြောပါတယ်။
By – Hope



