မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ဥရုချောင်းမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှုတွေကြောင့် ရေကြောင်းလမ်းပျက်စီးလာ

ဖားကန့်ဒေသ၊ ဥရုချောင်း (Uru Hka) တစ်လျှာက်မှာ ယခင်က ရွှေတူးဖော်မှု မရှိသလောက်ဖြစ်ခဲ့ပေမယ့် လက်ရှိမှာ စက်ယန္တရားအများအပြားနဲ့ ဥရုချောင်းရေလမ်းကြောင်း ပိတ်ဆို့နေတဲ့အထိ ပေါ်ပေါ်တင်တင် ရွှေတူးဖော်နေကြတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။

ဖားကန့် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံနဲ့ ဆန်ခါကျေးရွာနှစ်ခုကြားရှိ ဥရုချောင်း မြစ်ကမ်းနဘေးကုန်းမြေ ကမ်းပါးနေရာတွေမှာ ၂၀၂၅ ခုနှစ်ထဲက စတင်ပြီး ရွှေတူးဖော်ရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်လာကြတယ်လို့ သိရပါတယ်။

ရွှေဆိုင်းအစီး ၃၀ ဝန်းကျင်ခန့် ဖြင့် ရွှေတူးဖော်နေတဲ့မြေပြင်အခြေနေ အသေးစိတ်အကြောင်းကို ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက “လုပ်နေတာက ဥရုချောင်းရဲ့ မြစ်ကမ်းတစ်ကြောဟုတ်တယ်။ ချောင်းကြောမြေမှန်နေရာတွေကို တူးနေတာဖြစ်တယ်။ တစ်ခါမှ မတူးရသေးတဲ့ နေရာတွေဖြစ်တယ်။ အခုက ကျင်းတွေ ချိုင့်တွေဖြစ်ပြီး ကမ်းပါးတွေကို စားလိုက်ပြီး ပြန်ထုတ်လိုက်တဲ့ နုန်းမြေ၊ ရွှံ့မြေတွေကိုဥရုချောင်းထဲကိုပြန်ထည့်တယ်။ ရေလမ်းကြောင်းတွေပျက်စီးကုန်ပြီ” လို့ KNG ကိုပြောပါတယ်။

မှော်ဘုံနဲ့ ဆန်ခါကျေးရွာနှစ်ခုကြားမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာ အချိန်အတိုင်းအတာတစ်ခု ကြာမြင့်လာပြီ ဖြစ်တဲ့အတွက် ဥရုချောင်းထဲ စွန့်ပစ်တဲ့ ရွှံ့စေး၊ နုန်းမြေတွေက တဖြည်းဖြည်းမြင့်တက်လာပြီး ရေလမ်းကြောင်း ပျက်စီးလာတဲ့အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဥရုချောင်းကမ်းပါးမြေမှန် နေရာတွေကို လုပ်ငန်းရှင်တစ်ဦး ပေ ၅၀ ခန့် နေရာသတ်မှတ်ပြီး ရွှေတူးဖော်ဖို့ ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။ လက်ရှိ မှော်ဘုံနဲ့ ဆန်ခါ ဥရုချောင်းရေလမ်းကြောင်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ စက်ဆိုင်း ခန့်မှန်းခြေ ၃၀ နဲ့ ၅၀ စီးရှိတယ်လို့ သတင်းအရင်းအမြစ်တွေ ပြောပါတယ်။

လုပ်ငန်းရှင်တစ်ဦးမှာ ရွှေတူးဖော်ဖို့ မြေနေရာ ပေ ၅၀ သတ်မှတ်ထားတာကြောင့် စက်ဆိုင်း အစီး ၃၀ အတွက် ပေပေါင်း ၁၅၀၀ ရှိတဲ့ရေလမ်းကြောင်း ကမ်းပါးမြေနေရာပေါ်မှာ ရွှေတူးဖော်နေတာလို့ တွက်ဆနိုင်ပါတယ်။

ဖားကန့်ဒေသတစ်ခုလုံးမှာ စီးဆင်းနေတဲ့ ဥရုချောင်းမြစ်ကမ်းတစ်လျှောက်မှာ ယခင်အာဏာသိမ်းမှု မတိုင်မှီအထိ ချောင်းကမ်းပါးကပ်ယက် ကုန်းမြေနေရာတွေကို တူးဖော်ဖျက်ဆီးမှု မရှိသလောက်ဖြစ်ခဲ့ပေမယ့် ယခုအချိန်မှာ ပေါ်ပေါ်တင်တင် မြင်တွေ့လာရတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ယခုလို ဥရုချောင်းမြစ်ကမ်းနဘေးအထိ စက်ဆိုင်း၊ မုန်ဆိုင်းတွေနဲ့ စည်းမဲ့ကမ်းမဲ့ ရွှေတူးဖော်လာတဲ့အခြေအနေဟာ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းကနေ မြင်တွေ့လာရတာဖြစ်တယ်လို့ နောက်ထပ် ဖားကန့်ဒေသအတွင်းလှုပ်ရှားတဲ့ ကချင်အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ဥရုချောင်းမှာ ရွှေတူးဖော်နေတဲ့အခြေအနေက မှန်ပါတယ်။ အဲဒီဘက်မှာ ရွှေတူးတာများလာလို့ နည်းနည်းတော့ကြာပြီ ကျင်းသားတွေမြေပြိုပြီး သေဆုံးတာတောင်ရှိခဲ့ဖူးတယ်။ ပထမတစ်ကြိမ်ဖြစ်ပြီး နောက်တစ်ကြိမ်ထပ်ဖြစ်သေးတယ်။ အဲ့ဒီနေရာမှာက ကျောက်လည်းထွက်သလို ရွှေလည်းထွက်တယ်” လို့ ပြောပါတယ်။

သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ လက်ရှိ ရွှေတူးဖော်နေတဲ့ နေရာမှာ ရွှေအပြင် နောက်ထပ် ကျောက်စိမ်းလည်း ထွက်ရှိတယ်လို့ ဆိုပါတယ်။

ကျောက်စိမ်းနဲ့ ရွှေနှစ်မျိုးစလုံးထွက်တဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့လည်း လက်ရှိဒေသကို ကွပ်ကဲနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံသို အခွန်ပေးဆောင်ရတယ်လို့ စုံစမ်းသိရရှိရပါတယ်။

ရွှေတူးဖော်နေတဲ့ နေရာဟာ မှော်ဘုံနဲ့ ဆန်ခါကျေးရွာနှစ်ခုကြားမှာဖြစ်တယ်လို့ ဆိုရပေမယ့် မှော်ဘုံကျေးရွာထဲ အများဆုံးပါဝင်တယ်လို့ ဆိုကြပါတယ်။

ကျောက်စိမ်းအဓိကထွက်ရှိတဲ့ ဖားကန့်ဒေသမှာ ယခင်အစိုးရလက်ထက် အဆက်ဆက် ဥရုချောင်းရဲ့ မြစ်ကမ်းတစ်ချို့ နေရာတွေမှာ တူးဖော်မှုတွေရှိခဲ့ပေမယ် ချောင်းနဲ့ ပေ ၃၀၀ နဲ့ ၅၀၀ လောက်အကွာမှာသာ တူးဖော်ရေးလုပ်ငန်းတွေ ဖော်ဆောင်ကြတယ်လို့ ဖားကန့်ပြည်သူတွေထောက်ပြကြပါတယ်။

သို့ပေမယ့် အခုချိန်မှာ ဥရုချောင်းစီးဆင်းတဲ့ မြစ်ကြောင်းနေရာအထိ ရွှေတူးဖော်လာတာကြောင့် ရေလမ်းကြောင်းတွေ ပျက်စီးသွားကာ ရေကြီးရေလျှံဖြစ်တဲ့ အန္တရာယ်တွေကို ပိုပြီးကြုံတွေ့လာရမှာကို စိုးရိမ်နေတယ်လို့ ကချင်အမျိုးသားက ဆက်ပြီး ဆိုပါတယ်။

“အရင်ကတည်းက တူးဖော်တာတွေရှိခဲ့ပေမယ့် အခုလိုကြီး ရေစီးဆင်းတဲ့မြစ်ချောင်းနေရာအထိ တူးခဲ့တာတွေမရှိသေးဘူးလို့ ဆိုရမယ်။ အရင်က ပေ ၃၀၀ ၊ ၅၀၀ လောက်အကွာမှာ တူးဖော်တာတွေလုပ်ခဲ့လို့တောင် မြစ်ချောင်းပျက်စီးတာတွေ၊ ရေနှောက်သွားတယ်။ ရေစီးဆင်းတဲ့လမ်းကြောင်းတွေ ကျဉ်းမြောင်းသွားတယ်။ ရေကြောင်းတွေတိမ်ကောလာတယ်။ အဲ့လိုဆိုရင် မိုးတွင်းရေကြီးရေလျှံဖြစ်ဖို့ ပိုပိုဆိုးရွားလာဖို့ပဲရှိတော့တယ်”လို့ပြောပါတယ်။

ဖားကန့်ဒေသဟာ သဘာဝသယံဇာတကို အလွန်အကျွံတူးဖော်တဲ့ဒေသဖြစ်သလို ဥရုချောင်းရေးရေလျှံဖြစ်တာကြောင့် နှစ်စဉ်ကြီးမားတဲ့ ရေဘေးအန္တရာတွေကို ပြည်သူတွေကကြုံတွေ့နေကြတာဖြစ်ပါတယ်။

ဒေသအတွင်း ရေကြီးရေလျှံဖြစ်မှုလျော့ကျလာအောင် ရေလမ်းကြောင်းတွေ ကောင်းမွန်စွာစီးဆင်းနိုင်ဖို့အတွက် ရေကြောင်းရှင်းလင်းရေး ဖြင့် ကြိုတင်ကာကွယ် ဆောင်ရွက်ရမယ့်ဒေသတစ်ခုဖြစ်ပေမယ့် ရေလမ်းကြောင်းတွေကို ထိန်းချုပ်ထားတဲ့ ကမ်းပါးတွေဖြိုပြီး ရွှေတူးဖော်မှုတွေကြောင့် ဖားကန့်ပြည်သူတစ်ချို့က ကန့်ကွက်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

ဖားကန့်ပြည်သူတစ်ချို့ဟာ လက်ရှိ ရွှေတူးဖော်နေတဲ့အခြေအနေတွေကို ကန့်ကွက်ပြောဆိုဖို့ လိုအပ်နေပေမယ့် ဒေသအတွင်းနယ်မြေမတည်ငြိမ်မှုတွေ၊ နောက်ပြီး ရွှေတူးဖော်မှုရှိနေတဲ့ နေရာဒေသဟာ KIA နဲ့ PDF တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲမှာ ပါဝင်တဲ့ မှော်ဘုံနဲ့ ဆန်ခါ စတဲ့ကျေးရွာတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖားကန့်ဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေ ဖြစ်ပါတယ်။

ရွှေတူးဖော်မှုကို ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA က ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် ငဲ့ညှာပြီး တစ်စုံတစ်ရာ တားမြစ်ခြင်း မရှိဘူးလို့ KIO နဲ့ နီးစပ်သူတွေ ပြောပါတယ်။

“KIO ဘက်ကနေ ဥရုချောင်းရှင်းလင်းရေး လုပ်ငန်းတွေ စတင်လုပ်နေပြီ ဖြစ်တယ်။ ချောင်းရှင်းလင်းရေးနဲ့ ရွှေမျောလုပ်တာကတော့ ဘာမှတော့မဆိုင်ဘူး။ အခုရွှေမျောလုပ်နေတဲ့သူတွေကိုလည်း ခက်ခဲတဲ့အချိန်တွေဖြစ်တဲ့အတွက် KIO/KIA ဘက်ကနေ ဒီတိုင်းလွတ်ထားပေးတဲ့ သဘောမှာရှိတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကနေ ချောင်းရှင်းလင်းရေးတွေလုပ်မှာ ဖြစ်တဲ့အတွက် ရွှေဆိုင်းတွေကို အားလုံးတော့ပြန်ပြီး ရပ်နားခိုင်းထားတာဖြစ်တယ်” လို့ KIO နဲ့ နီးစပ်တဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖားကန့်ဒေသအတွင်း နှစ်စဉ်ရေးကြီးရေလျှံဖြစ်တဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ရန်အတွက် KIO/KIA ဦးဆောင်ပြီး ဥရုချောင်း ရှင်းလင်းရေးလုပ်ငန်းကို မတ်လ ၃ ရက်နေ့က စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဒါကြောင့် ဥရုချောင်းမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်တဲ့ စက်ယန္တရားတစ်ချို့ကို ရပ်နားထားကြဖို့ KIO/KIA က မတ်လဆန်းပိုင်းအတွင်းမှာပဲ ညွှန်ကြားထားတယ်လို့ ဆက်ပြီး သိရပါတယ်။

ဥရုချောင်းမြစ်ကြောင်းပေါ်က ရွှေတူးဖော်နေတဲ့ စက်ဆိုင်းတွေကို ရပ်နားထားဖို့ KIO က ပြောဆိုထားတယ်လို့ သိရပေမယ့် ရွှေဆိုင်းတွေ ရပ်နားမှုရှိမရှိ မြေပြင်အခြေအနေကို အသေးစိတ် မသိရသေးပါဘူး။

မှော်ဘုံနဲ့ ဆန်ခါကျေးရွာနှစ်ခုကြားမှာ ရွှေတူးဖော်နေတဲ့အပေါ်မှာ လက်ရှိကြားကာလအတွင်း ပြည်သူတွေရဲ့လိုအပ်ချက်အရ KIO ဘက်ကနေ ခွင့်ပြုထားတာလည်းဖြစ်နိုင်တယ်လို့ နောက်ထပ် ဖားကန့်ဒေသမှာ တော်လှန်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုဆက်ပြောပါတယ်။

“ကျနော်တို့သိရသလောက်က ရွှေတူးနေကြတဲ့ထဲမှာ အဖွဲ့စုံကနေ ပါဝင်တာသိရတယ်။ ကြားကာလမှာ လိုအပ်ချက်အရ လုပ်ကြတယ် လို့မြင်တယ်။ လက်ရှိမှာ ကျောက်တွေလည်း လွယ်လွယ်နဲ့ တူးဖို့အဆင်မပြေတဲ့အတွက် ကိုယ်ရတဲ့ဘားဂျက်နဲ့ တွက်ပြီး ရတဲ့နည်းလမ်းရှာလုပ်နေကြတယ်လို့မြင်တယ်။ ရွှေမျောတွေလုပ်နေကြတော့ ဥရုချောင်းထဲ မျောစာတွေ ကျတာမျိုးတော့ တွေ့ရတယ်။ အခုဆိုရင်ချောင်းရှင်းလင်းရေးတွေလည်း လုပ်နေကြပြီဗျ။ ကျနော်ထင်တယ် ချောင်းရှင်လင်းရေးအဖွဲ့နဲ့လည်း ညှိနှိုင်းမှုတွေလည်းရှိမယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကစပြီး ယခု ၂၀၂၆ ခုနှစ်အထိ ဒေသအတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်တဲ့ဒေသတစ်ခုဖြစ်နေတာကြောင့် ဖားကန့်ပြည်သူတွေဟာ နေ့စဉ်လူမှုဘဝရှင်သန်နေထိုင်ဖို့အတွက် အကြပ်အတည်းကာလနဲ့ ဆိုင်ရင်ကြုံတွေ့နေကြတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖားကန့်ဒေသတစ်ခုလုံးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းနေရာတွေကို စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်။

ဖားကန့်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို KIA က စစ်ရေးအရ ထိန်းချုပ်လိုက်ပြီးနောက် ဒေသအတွင်း ကျေးရွာ၊ ရပ်ကွက်တွေမှာ KIO အုပ်ချုပ်ရေးယန္တရား ဖွဲ့စည်းခဲ့ပါတယ်။ KIO/KIA အုပ်ချုပ်ရေးယန္တရားဖြင့်သွားနေတဲ့ တစ်နှစ်ပြည့်တဲ့ ၂၀၂၅ မတ်လအတွင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဟာ လက်လွတ်နေရာတွေကို ပြန်ရယူဖို့ ဖားကန့်ဒေသထဲကို စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး တစ်နှစ်လုံးတိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။

တစ်နှစ်ပြီးတစ်နှစ် စစ်ဘေးဒဏ်ကို ကြုံတွေ့နေကြတဲ့ ဖားကန့်ပြည်သူတွေဟာ စစ်ပွဲကာလကြာမြင့်လာတာနဲ့အညီ ဒေသအတွင်း မတည်မငြိမ်ဖြစ်ပြီး ကျောက်စိမ်းတူးဖော်ရေးနဲ့ ရောင်းဝယ်ရေးလုပ်ငန်းတွေ အများပိုင်း ရပ်နားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ရေးတင်းမာမှုဖြစ်နေတဲ့ ကြားကာလအတွင်း အခက်အခဲ၊ အကြပ်အသည်းတွေကြောင့် ပြည်သူတွေဟာဒေသအတွင်း ရတဲ့နည်းလမ်းတွေနဲ့ လုပ်ကိုင်စားသောက်လာတဲ့အခြေအနေဖြစ်နိုင်တယ်လို့ ဖားကန့်တော်လှန်ရေးလုပ်ငန်းမှာပါဝင်နေတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်မယ်ဆိုရင်လည်း တာဝန်ရှိတဲ့ KIO/KIA အနေနဲ့ သဘာဝဘေးအန္တရာယ်တွေကို လျှော့ချရေးအတွက် ရေးလမ်းကြောင်းပိတ်ဆို့ ၊ ပျက်စီးလာမယ့် အခြေအနေတွေကို ကွပ်ကဲကြပ်မတ်လုပ်ဆောင်သင့်တယ်လို့ သူက ဆက်ပြီး ပြောဆိုထားပါတယ်။

နောက်ပြီး ဖားကန့်ဒေသထဲမှာဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက် KIA ထိန်းချုပ်နယ်မြေဖြစ်လာတဲ့ တာမခံ၊ ဟောင်ပါး၊ ဆယ်ဇင်း စတဲ့ ဒေသတွေမှာလည်း ရွှေတူးဖော်လုပ်ငန်းတွေအများဆုံးလုပ်ကိုင်နေကြတယ်လို့သိရပါတယ်။

“ဖားကန့်မှာ ရွှေတူးဖော်တာက အထက်ပိုင်းဖြစ်တဲ့ တာမခံ၊ ဟောင်ပါးဘက်မှာလည်း အကြီးအကျယ်တူးနေကြတာရှိတယ်။ အဲ့ဒီဘက်မှာလည်း ဆိုးဆိုးရွားရွားလုပ်နေတယ်လို့ပြောလို့ရတယ်”လို့ နောက်ထပ်ဖားကန့်ဒေသမှာ လူမူကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့အမျိုးသားတစ်ဦးလည်း ပြောဆိုတာဖြစ်ပါတယ်။

အခုလို ဖားကန့်ဒေသရဲ့ နေရာအနှံ့အပြားမှာ ရွှေတူးဖော်တဲ့လုပ်ငန်းတွေ အတိုင်းအဆမရှိ လုပ်ကိုင်နေတဲ့အပေါ်မှာ မိုးတွင်းကာလ ရေကြီးရေလျှံဖြစ်ရင် ဖားကန့်မြို့တွင်း၊ မြို့ပြင်နေရာအားလုံး ရေဘေးအန္တရာယ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့လာရမှာကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်တဲ့ ဖားကန့်ဒေသမှာ လက်ရှိမှာ ပြည်သူတွေက ရွှေတူးဖော်တဲ့ လုပ်ငန်းကိုပါ တွင်ကျယ်စွာလုပ်ဆောင်လာတဲ့အပေါ် မြန်မာကျပ်ငွေ သိန်းတစ်ရာကျော်အထိ စျေးနှုန်းထိုးတက်သွားတဲ့ ကမ္ဘာ့ရွှေစျေးနှုန်းကြောင့်လည်းဖြစ်နိုင်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။

ဥရုချောင်းဟာ ချင်းတွင်းမြစ်ရဲ့ အဓိက မြစ်လက်တက်ကြီးတဲ့ ရေလမ်းကြောင်းတစ်ခုဖြစ်ပြီး ဖားကန့်မြို့နယ် ကံစီး ကျေးရွာဘက်ကနေ မြစ်ဖျားခံစီးဆင်းလာကာ လုံးခင်းအပါ ရတနာနယ်မြေထဲ မိုင်းပေါင်း ၅၀ ကျော်ခန့် စီးဆင်းနေတဲ့ မြစ်ကြီးတစ်ခုဖြစ်ပါတယ်။

ဥရုချောင်းရေးကြီးရေလျှံဖြစ်တဲ့နှုန်းဟာ တစ်နှစ်ပြီးတစ်နှစ် ပိုမိုဆိုးရွားလာကာ ဖားကန့်မြို့ပေါ် ရပ်ကွက်အထိရေကြီးရေလျှံဖြစ်တဲ့ ဖြစ်စဉ်ဟာ နှစ်စဉ်ကြုံတွေလာရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၅ ထဲမှာ ဖားကန့်ပြည်သူတစ်ချို့ ရေဘေးအန္တရာယ်ကိုကြုံတွေ့ခဲ့ရသလို ၂၀၂၄ ခုနှစ်ထဲမှာက ဖားကန့်ဒေသအတွင်း ရေးကြီးရေလျှံဖြစ်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်းမှာ အကြီးမားဆုံး ရေးကြီးအန္တရာယ်ကို စံချိန်တင်ကြုံတွေ့ခဲ့ရပါတယ်။

ယခင် အမျိုးသားညီညွှတ်ရေးအစိုးရ NLD လက်ထက်ကတည်းက ဖားကန့် ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းကို ဗဟိုကော်မတီဖွဲ့စည်းပြီး နှစ်စဉ်ချောင်းရှင်းလင်းရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါပေမယ့် ချောင်းရှင်းလင်းရေးလုပ်ငန်းကို ထိထိရောက် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ရေကြီးရေလျှံဖြစ်တဲ့ ရေဘေးအန္တရာယ်ကို ဖားကန့်ပြည်သူတွေအနေနဲ့ နှစ်စဉ်နည်းအများတော့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းကို ၅ နှစ်တာအထိ ရပ်နားခဲ့ရတယ်လို့ဆိုရမှာဖြစ်ပါတယ်။

ယခု ၂၀၂၆ ခုနှစ်ထဲမှာစတင်ပြီးတော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ ဥရုချောင်းရှင်းလင်းရေး လုပ်ငန်းတွေကို မတ်လဆန်းကတည်းကနေ ချောင်းရဲ့ အပိုင်းလိုက်ခွဲပြီး ရှင်းလင်းရေးစတင်နေပြီလို့သိရပါတယ်။

ဒါပေမယ့် ချောင်းရှင်းလင်းရေးလုပ်ငန်းကို ဘယ်လောက်အထိ လုပ်ဆောင်သွားမယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button