ကသာမြို့မှာတိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေ
စစ်ကိုင်းတိုင်း ကချင်အစပ်က ကသာမြို့မှာတော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကော်မရှင်တပ်တွေအကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး နေ့စဥ်လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ကသာမြို့လယ်ခေါင်မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်လို့အမည်ရှိတဲ့ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အမျိုးသမီး၊ ကလေးငယ်နဲ့ သံဃာတော်တွေအပါအဝင် အရပ်သားအစုလိုက်အပြုံလိုက်သေဆုံး မှုတွေဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်ပြီးတဲ့နောက် ဒီနေ့ မတ်လ ၂၅ ရက်နေ့အထိ ကသာမြို့ပေါ်မှာတိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေသလို စစ်ကော်မရှင်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေတစ်ရက်မှမပြတ်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
“လေကြောင်းက နေ့တိုင်းကိုတိုက်နေတာ။ ဂျက်ဖိုက်တာနဲ့လာလိုက် Y12 နဲ့လာလိုက် ဟက်စကီးနဲ့လာလိုက် ဒီနေ့ဆို Y12 က တစ်စီး၊ ဟက်စကီးက တစ်စီး ဂျက်ဖိုက်တာက နှစ်စီး အရှေ့အနောက်ညှပ်လာပြီးကိုလုပ်နေတာ။ သုံးလေးစီးပတ်ချာလည်ပြီး ကောင်းကင်ပေါ်တစ်ဝဲဝဲနဲ့ဝဲနေတာ။ အစုန်အဆန်သွားနေတာ။ အခုတော့နေရတာမလုံခြုံဘူးပေါ့။”လို့ ကသာမြို့အစွန်ရွာတစ်ခုမှာနေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ ကသာမြို့ရဲ့အဝင်အထွက်တွေကို စစ်ကော်မရှင်ကပိတ်ထားတာကြောင့် နှစ်ဖက်တိုက်ပွဲအကြား ပိတ်မိနေတဲ့ ဒေသခံ ၅ထောင်ဝန်းကျင်ရှိနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
တစ်ဖက်မှာ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ မတ်လ ၂၀ ရက်နေ့ မဟာလေးထပ်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှု အပြီးမှာ ကသာမြို့ကနေဒေသခံတွေအမြန်ဆုံးထွက်ကြဖို့ ဆက်တိုက်သတိပေးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲဟာ ကသာမြို့ရဲ့ ရပ်ကွက် ၅ ဇေယျာချောင် နဲ့ ရပ်ကွက် ၉ ပတ္တမြားတစ်ဝှိုက်မှာပြင်းထန်နေကြတာဖြစ်ပြီး မတ်လ ၂၄ ရက်နေ့ မနေ့ကဆိုရင် Y12 အမျိုးအစားရဟတ်ယာဥ်နဲ့ ဆယ်ကြိမ်ပတ်ဝဲကာ ဗုံးသီး ၇၂ လုံးအထိကြဲချခဲ့တယ်လို့ဒေသခံတွေ က ပြောကြပါတယ်။
ကသာမြို့တွင်းတိုက်ပွဲအခြေနေနဲ့ပတ်သက်လို့ စစ်ဘေးရှောင်နေတဲ့ကသာမြို့ခံအမျိုးသမီးတစ်ဦးက“တိုက်ပွဲက အနီရောင်အဆင့်တဲ့။ ပိတ်မိနေကြတာလည်း အများကြီးရှိနေနိုင်တယ်။ လေကြောင်းတိုက်ခိုက်ရုံလည်းမကဘူးလေ။ အခုက တကောင်းကလည်းသူတို့ပြန်သိမ်းသွားပြီလေ။ တကောင်းပြီးရင် ထီးချိုင့်လေ ပြီးရင်ကသာရောက်ပြီလေ အစက မြို့ထဲ ကို ဝင်ပါဝင်ပါဆိုတဲ့လူတွေကိုယ်တိုင်ကိုကမဝင်ပါနဲ့အန္တရာယ်ရှိပါတယ်။ အနီရောင်အဆင့်ပါပြင်းထန်ပါတယ်။ လေကြောင်းတွေ နဲ့ တိုက်ခိုက်နေတယ်ဆိုပြီးကိုရေးနေကြတာ။” လို့ပြောပါတယ်။
အခုလို ကသာမြို့တွင်းနှစ်ဖက်တပ်တွေအကြား ပစ်ခတ်မှုတွေကြောင့် ကသာမြို့တွင်းက နေအိမ်၊ အဆောက်အဦးနဲ့ ကသာမြို့ရဲ့ ပြည်သူ့ဆေးရုံပါမီးလောင်ပျက်ဆီးသွားပြီလို့ ဒေသခံတွေဆီကသိရပေမဲ့လည်း အသေးစိတ်ကို အတည်ပြုနိုင်ဖို့အတွက် ကြိုးစားနေဆဲဖြစ်ပါတယ်။
အထူးသဖြင့်တော့ ကသာမြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို စစ်ကော်မရှင်တပ်ကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တာ ကြောင့် အသေးစိတ်ကိုအတည်ပြုဖို့ ဒေသခံတွေကိုယ်တိုင်ခက်ခဲနေကြတာလို့သိရပါတယ်။
ဒါ့အပြင် ကသာမြို့အထက်ပိုင်း မန္တလေးတိုင်းထဲက တကောင်းမြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက လက်လွှတ်ထားရ တာကတစ်ကြောင်း စစ်ကော်မရှင်တပ်ဖွဲ့စစ်ကြောင်းတွေကလည်း ထီးချိုင့်မြို့ မြတောင်နေရာအထိ စစ်ကြောင်းထိုးလာတာ ကြောင့် ကသာမြို့ခံတွေဟာ အဆိုပါစစ်ရေးအခြေနေပေါ်မှာလည်းစိုးရိမ်မှုတွေရှိနေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ တော်လှန်ရေးအင်အားစုတွေကို ကသာမြို့ကိုသိမ်းပိုက်ဖို့ ထိုးစစ်ဆင်နွှဲခဲ့ပြီး တစ်လကြာနှစ်ဖက်ပစ်ခတ်မှုတွေရှိပြီးတဲ့နောက် တိုက်ပွဲတွေပြန်လည်ငြိမ်သက်နေရာကနေ ဒီရက်ပိုင်းမှာပဲတိုက်ပွဲတွေပြန် ဖြစ်နေတာလို့ သိရပါတယ်။
By – အမိုး



