မြစ်ကြီးနားမှာ အမျိုးသားတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ
မြစ်ကြီးနားမြို့၊မြေမြင့်ရပ်ကွက် ဘုန်းကြီးကျောင်းနောက်ကျောဘက် လမ်းကြားတစ်နေရာမှာ အမျိုးသားတစ်ဦးသေနတ်နဲ့ပစ်သတ်ခံထားရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။
ဧပြီလ ၁၉ ရက် ည ၈နာရီဝန်းကျင် မြေမြင့်ဘုန်းကြီးကျောင်းအနောက်လမ်းကြားထဲ အမည်မသိလူငယ်နှစ်ဦးဆိုင်ကယ်နဲ့ဝင်သွားပြီးနောက် သေနတ်သံတစ်ချက်ထွက်ပေါ်လာတာလို့ အနီးပတ်ဝန်းကျင်နေထိုင်သူတွေပြောပါတယ်။
အဲဒီနောက် ည ၉နာရီဝန်းကျင်မှာတော့ အနီးပတ်ဝန်းကျင်ပြည်သူတွေထွက်ကြည့်ရာ အမျိုးသားတစ်ဦးပစ်သတ်ခံထားရကြောင်း တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ မြေမြင့်ရပ်ကွက်နေအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
“အဲနေရာနည်းနည်းတော့ရှုပ်တယ် ဆေးသမားတွေလည်းများတယ် သူတို့အချိတ်ဆက်လုပ်ပြီးရောက်လာတာလားမသိဘူး။ ဆိုင်ကယ်နဲ့လူငယ် ၂ ဦးဝင်သွားတာနဲ့ခနနေတော့ သေနတ်သံကြားလိုက်တာ။ သူတို့ပြန်သွားတော့ ထွက်ကြည့်လိုက်တာလေ အဲမှာတစ်ယောက်ပစ်သတ်ခံထားရတာပဲ”လို့ ပြောပါတယ်။
ပစ်သတ်ခံရတဲ့အမျိုးသားမှာ ဦးခေါင်းမှာသေနတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့သေဆုံးနေတာဖြစ်တယ်လို့သိရပြီး အလောင်းကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လူမူကူညီရေးအသင်းတွေက ပြည်သူ့ဆေးရုံကိုပို့ဆောင်လိုက်ပြီး ပြစ်မှုကျူးလွန်သူတွေလည်း ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ လစဉ်၊ လတိုင်း ပိုင်ရှင်မဲ့အလောင်းတွေ့လာပြီး ၄ လတွင်း ပိုင်ရှင်မဲ့အလောင်း ၇ ခုထိရှိလာပြီဖြစ်ပါတယ်။
အဲဒီ ပိုင်ရှင်မဲ့အလောင်းတွေထဲက ဧပြီလ ၆ ရက်နေ့မှာ မြစ်ကြီးနားမြို့ ၊ အေးမြသာယာရပ်ကွက်၊ သင်္ဂြိုင်းကုန်းသွားလမ်း ဘောလုံးကွင်းနားမှာ ဆာလာအိတ်နဲ့ထုပ်ပိုးထားတဲ့ ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးရုပ်အလောင်း၊မတ်လ ၇ ရက်နေ့ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ သံလမ်းကူးအနီးမှာ အမျိုးသားတစ်ဦး ဗိုက်နဲ့တင်ပါးမှာသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့ပါတယ်။
အလားတူ မတ်လ ၂၂ နေ့ ရမ်ပူရပ်ကွက်၊ နယ်မြေ၂၁ ခြံအလွတ်တစ်ခုမှာ အမျိုးသားတစ်ဦးသေဆုံးနေတဲ့ဖြစ်စဉ်၊ ဖေဖော်ဝါရီ ၅ ရက် ရှမ်းရွာ၊ အမှိုက်ပုံနားမှာ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး လက်မှာ ဆေးထိုးအပ်
တန်းလန်းနဲ့ သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ အေးမြသာယာ ရပ်ကွက် လမ်းမကြီးနဘေးက တဲအိမ်ဆိုင်ခန်းလေးထဲမှာ အသက်အရွယ်နဲ့ အမည်မသိရှိရတဲ့ အမျိုးသားတစ်ဦး သေဆုံးနေတဲ့ ဖြစ်စဉ်တို့ ဖြစ်ပါတယ်။
နောက်ထပ် ဇန်နဝါရီလ ၁၃ ရက်နေ့ ရမ်ပူရပ်ကွက် တရုတ်ကျောင်းအနီးမှအမျိုးသားတစ်ဦး မူးယစ်ဆေးရှော့ဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးထားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့ကို စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရက အပြည့်အဝထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီး မြို့တွင်းလောင်းကစားဝိုင်းတွေကလည်း တစ်နေ့ထက်တစ်နေ့ပိုများလာတာကြောင့် မလိုလားအပ်တဲ့လူသေဆုံးမှုတွေ ဆက်တိုက်ကြုံနေရတာဖြစ်တယ်လို့ မြို့ခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။
“ပြောရမယ်ဆိုရင် တရားဥပဒေစိုးမိုးမှုကို မရှိတော့ဘူး ရပ်ကွ့က်တိုင်းလောင်းကစားရုံရှိတယ်။ အဲတော့ ခိုးဆိုးလုတာကအဆန်းမဟုတ်တော့ဘူး ခုနောက်ပိုင်းဆိုသတ်ဖြတ်မှုအထိ ပိုဆိုးလာနေတယ်။ဒါတွေအားလုံးက ဦးခက်ထိန်နန်အစိုးရမှာတာဝန်ရှိတယ်လေ”လို့ပြောပါတယ်။
မြစ်ကြီးနားမြို့တွင်း ခိုးဆိုးလုယက်သတ်ဖြတ်နေသူတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေလည်းပါဝင်နေတယ်လို့ တပ်နဲ့နီးစပ်သူတစ်ချို့ပြောဆိုနေကြပေမယ့် KNG အနေနဲ့တော့ သိီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
By – Zami




